Home
မြန်မာသတင်း
စစ်ကောင်စီ၏ ရှေ့ပြေးလူဦးရေစာရင်း မြေပြင်အချက်အလက်နှင့် ကွဲလွဲမှားယွင်းနေ
DVB
·
January 3, 2025

မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၁ သန်းကျော်ရှိတယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်ချက်ဟာ  မြေပြင်အချက်အလက်တွေနဲ့ ကင်းကွာနေတယ်လို့ ‌လေ့လာသူတွေနဲ့ သုတေသနအဖွဲ့တွေက ထောက်ပြကြပါတယ်။ 

၂၀၂၄ ခုနှစ်အတွက် လူဦးရေနဲ့သန်းခေါင်စာရင်းရဲ့ ရှေ့ပြေးလူဦးရေစာရင်းအရ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၁ ဒသမ ၃ သန်းရှိတယ်လို့ စစ်ကောင်စီက ဒီဇင်ဘာ ၃၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

သန်းခေါင်စာရင်းရည်ညွှန်းချိန်ဖြစ်တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက် ညသန်းခေါင်ယံအချိန်မှာ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းရှိတဲ့ လူဦးရေစုစုပေါင်းဟာ ၅၁ ဒသမ ၃ သန်းကျော် ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ထဲ လုံခြုံရေးအခြေအနေအရ  ၁၄၅ မြို့နယ်မှာသာ သန်းခေါင်းစာရင်း အပြည့်အဝကောက်ယူနိုင်ခဲ့ပြီး ၁၂၇ မြို့နယ်မှာတော့ တစိတ်တဒေသ ကောက်နိုင်ခဲ့ကာ ကျန် ၅၈ မြို့နယ်မှာ လုံးဝ ကောက်ယူနိုင်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ကတော့ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်ရှိတဲ့အထဲ ၃၂ သန်းကျော် (၆၃ ရာခိုင်နှုန်း) သာ စာရင်းကောက်ယူနိုင်ပြီး ၁၉ သန်းကျော် (၃၇ ရာခိုင်နှုန်း) ကို စစ်ကောင်စီကမကောက်ယူနိုင်ခဲ့ဘူးလို့ ဒီဇင်ဘာ ၃၁ ရက်က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ တနင်္သာရီဒေသမှာလည်း စစ်ကောင်စီက မြို့ဧရိယာတွေမှာတောင် ကောက်ကွက်အနည်းငယ်သာ သန်းခေါင်စာရင်းကောက်ယူနိုင်ခဲ့တဲ့အတွက် သူတို့ရဲ့ အချက်အလက်တွေဟာ မြေပြင်စာရင်းနဲ့ကင်းကွာနေတယ်လို့ တနင်္သာရီ သပိတ်ဦးဆောင် ကော်မတီဝင် ကိုမင်းလွင်ဦးကပြောပါတယ်။

“သန်းခေါင်စာရင်းထုတ်ပြန်ချက်ကို ကြည့်ရင်တော့ ရာခိုင်နှုန်းအားဖြင့် သူတို့သန်းခေါင်စာရင်း ကောက်ယူနိုင်တယ်ဆိုတဲ့ အချက်အလက်တွေက ဘာမှသက်သေပြနိုင်တာမရှိဘူး။ ကျနော်တို့ တနင်္သာရီအနေနဲ့ ကြည့်မယ်ဆိုရင် သူတို့သန်းခေါင်စာရင်းကောက်နိုင်တဲ့နေရာက မြို့‌ပေါ်ဧရိယာတောင်မှ အနှံ့ကောက်နိုင်တဲ့ အနေအထားမျိုးမဟုတ်ဘူးဗျာ။ သူတို့ထုတ်ပြန်တဲ့ အချက်အလက်ကိန်းဂဏန်းတွေက လက်တွေ့မြေပြင်အခြေအနေနဲ့ကင်းကွာနေတယ်။ ကျနော်တို့ နိုင်ငံမှာက မြို့ပေါ်မှာနေတဲ့ လူဦးရေက ကျေးလက်မှာနေတဲ့ ဦးရေထက် ပိုများတဲ့ အနေအထားပေါ့ဗျာ။ ကျေးလက်ကို စစ်ကောင်စီက စိုးမိုးထားတဲ့အနေအထားမရှိဘူး။ ၂၀၂၅ မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင်တောင် မြို့ပေါ်ဧရိယာမှာပဲ လူထုကို လက်နက်နဲ့ အတင်းဖိအားပေးပြီးတော့ မဲထည့်ခိုင်းလို့ ရတဲ့ အနေအထားမျိုး။”

စစ်ကောင်စီ ထိန်းချုပ်မှုများတဲ့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ နေပြည်တော်နဲ့ ပဲခူးတိုင်း (အနောက်ခြမ်း) တွေမှာ သန်းခေါင်စာရင်း ရာနှုန်းပြည့်ကောက်ယူနိုင်ခဲ့ပြီး တိုက်ပွဲတွေဖြစ် ပွားနေတဲ့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) တွေမှာတော့ ဒေသလူဦးရေစုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းအောက်သာ စာရင်းကောက်ယူနိုင်ခဲ့တယ်လို့ Data For Myanmar အဖွဲ့ရဲ့စာရင်းတွေအရ သိရပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေတွေများတဲ့ စစ်ကိုင်းတိုင်းမှာတော့ စစ်‌ကောင်စီက မြို့ကြီးတွေရဲ့ မြို့ပြဧရိယာအချို့မှာသာ သန်းခေါင်စာရင်းကောက်ယူနိုင်ခဲ့ပြီး ကျေးလက်ဒေသ တွေမှာတော့ သန်းခေါင်စာရင်း ကောက်ယူနိုင်တဲ့ အခြေအနေမရှိခဲ့ဘူးလို့ မုံရွာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ မချောစုဟန်က ပြောပါတယ်။

“စစ်တပ်က သူတို့စိုးမိုးထားတဲ့ မြို့ကြီးတွေမှာ သန်းခေါင်စာရင်းကောက်တယ်၊ အိမ်ထောင်စုဇယားတွေစစ်တယ်၊ ‌ကျေးလက်ဒေသတွေမှာတော့ သူတို့ကွင်းဆင်းပြီး သန်းခေါင်စာရင်း‌ ကောက်ယူနိုင်မှု အခြေအနေက မရှိဘူး၊ ပြည်သူလူထုသွားလာနေတဲ့ အများသုံးပြည်သူပိုင်လမ်းမတွေကို စစ်တပ်က ဂိတ်ဖွင့်တယ်၊ လာသမျှပြည်သူကို ပြန်ပေးဆွဲတယ်၊ အိမ်ထောင်စုစာရင်းကောက်တယ်၊ သန်းခေါင်စာရင်းက မြို့ကြီးပြကြီး အတော်များများကိုတော့ လွှမ်းခြုံကောင်းလွှမ်းခြုံနိုင်လိမ့်မယ်။ NUG စိုးမိုးထားတဲ့ ဒေသဘက်တွေ ပသုံးလုံး ယန္တရားရှိနေတဲ့ နယ်မြေတွေဘက်မှာတော့ သန်းခေါင်စာရင်းကောက်ယူနိုင်မှု အခြေအနေက အင်မတန်မှ နည်းပါးပါတယ်။”

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက် တပြည်လုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်ယူမှုကို ၁၉၇၃ မှာ တကြိမ်၊ ၁၉၈၃ မှာ တကြိမ်၊ ၂၀၁၄ မှာ တကြိမ်နဲ့ ယခု ၂၀၂၄ မှာ တကြိမ်၊ စုစုပေါင်း ၄ ကြိမ်ကောက်ယူခဲ့ပြီး ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကတော့ စစ်ရေးအရရှုံးနိမ့်ပြီး လက်လွှတ်လိုက်ရတဲ့ ဒေသတွေရှိနေပေမဲ့ ရွေးကောက်ပွဲထပ်လုပ်မယ့်အကြောင်းကို ၂၀၂၅ နှစ်အစ မိန့်ခွန်းမှာပဲ ထပ်ပြောသွားခဲ့ပါတယ်။ 

စစ်ကောင်စီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ NLD အစိုးရ ထံကနေ အာဏာသိမ်းခဲ့တာဖြစ်ပြီး နောက်ထပ်ရွေးကောက်ပွဲကျင်းပဖို့ သန်းခေါင်စာရင်းကောက်ယူရာမှာ အလွဲအမှားတွေရှိနေတာ ဖြစ်ပါတယ်။ 

သီရိ

dvb
မှားယွင်း
လူဦးရေစာရင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013