Home
မြန်မာသတင်း
အတုအယောင်ရွေးကောက်ပွဲ မြန်မာ့ပြဿနာ၏ ထွက်ပေါက်မဟုတ်ဟု NUCC ၊ NUG ကြေညာ
DVB
·
December 25, 2024

အကြမ်းဖက်စစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲ ကျင်းပလိုက်ရုံနဲ့  မြန်မာ့နွေဦးတော်လှန်ရေး ရပ်တန့်သွားမှာမဟုတ်သလို မြန်မာ့ပြဿနာရဲ့ ထွက်ပေါက်လည်း မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ပူးတွဲ ကြေညာပါတယ်။

လက်ရှိ စစ်ကောင်စီ ပြင်ဆင်ဆောင်ရွက်နေတဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ စပ်လျဉ်းပြီး NUCC နဲ့ NUG တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်း ကော်မတီက ဒီဇင်ဘာ ၂၄  ရက်မှာ ထုတ်ပြန်လိုက်တာပါ။

တော်လှန်ရေးအင်အားစုတွေက မြို့နယ်ပေါင်း ၉၀ ကို သိမ်းပိုက်ထားပြီး တနိုင်ငံလုံးရဲ့ ဧရိယာ  ၅၀ ရာခိုင်နှုန်းကျော်ကို စိုးမိုးထိန်းချုပ်ထားကာ မြန်မာတနိုင်ငံလုံးမှာ စစ်အုပ်စု အပြည့်အဝ ထိန်းချုပ်ထားနိုင်တဲ့ ဧရိယာမှာ ၂၁ ရာခိုင်နှုန်းသာရှိတော့တဲ့ အခြေအနေ၊ ပြည်သူလူထုကို လက်နက်နဲ့ ခြိမ်းခြောက် အဓမ္မမဲထည့်ခိုင်းမယ့်၊ မသမာတဲ့ နည်းလမ်းပေါင်းစုံနဲ့ မဲစာရင်းနဲ့ မဲရလဒ်တွေ လိမ်လည်လုပ်ဆောင်နိုင်မယ့် အခြေအနေ၊ ဂုဏ်သိက္ခာရှိတဲ့ လွတ်လပ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေးလုပ်ငန်းစဉ်တွေ မဆောင်ရွက်နိုင်တဲ့ အခြေအနေတွေမှာ လုပ်မယ့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ အဓမ္မ လုပ်ကြံကျင်းပမယ့်  ဟန်ပြရွေးကောက်ပွဲသာ ဖြစ်လာမယ်လို့ တော်လှန်ရေးအင်အားစုက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူလူထု အသိအမှတ်ပြု ရွေးကောက်တင်မြှောက်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲရလဒ်ဟာ  ယနေ့ကာလအထိ တရားဝင်ဖြစ်ပြီး  အကြမ်းဖက်စစ်အုပ်စုဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို ဥပဒေမဲ့ အဓမ္မဖျက်သိမ်းကာ နိုင်ငံတော်အာဏာကို တရားမဝင်ရယူဖို့ ကြိုးစားနေတဲ့ အဖွဲ့အစည်းသာဖြစ်လို့ ရွေးကောက်ပွဲတရပ်ကို ဦးစီးကျင်းပပိုင်ခွင့် မရှိပါ၊ ပြုလုပ်ခဲ့ပါကလည်း ဒီရွေးကောက်ပွဲဟာ မြန်မာစစ်တပ် အာဏာဆက်လက်ရယူနိုင်ရေးအတွက် ဟန်ပြပြုလုပ်မယ့် တရားဝင်မှုမရှိတဲ့ အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်တပ်က နိုင်ငံရေးမှာ ဆက်လက်ပါဝင်နေသမျှ ပြည်သူလူထုလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပန်းတိုင်နဲ့ အလှမ်းဝေးနေဦးမှာဖြစ်ပြီး ပြည်သူ့တော်လှန်ရေးဟာလည်း  အရှိန်အဟုန်နဲ့ ဆက်လက်တည်ရှိနေမယ်၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းမှု ဖော်ဆောင်နိုင်ရေးအတွက် မြန်မာပြည်သူလူထု ကိုယ်တိုင် ရွေးချယ်တဲ့ နည်းလမ်းနဲ့ အောင်မြင်တဲ့အထိ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီကတော့ လာမယ့် ၂၀၂၅ ခုနှစ်အတွင်းမှာ အထွေထွေရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေပြီး  စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို တရုတ်နိုင်ငံကလည်း ထောက်ခံထားပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကလည်း နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့တွေကို ဖိတ်ခေါ်သွားမယ်လို့ ပြီးခဲ့တဲ့သီတင်းပတ် ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲမှာ ပြောကြားထားပါတယ်။

dvb
စစ်ကောင်စီ
NUG
NUCC
အတုအယောင်ရွေးကောက်ပွဲ
မြန်မာ့ပြဿနာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013