Home
အနုပညာ
လိုင်စင်မရှိသည့် စာအုပ်တိုက်များ ရှာဖွေစစ်ဆေးခံနေရ
DVB
·
December 16, 2024

ရန်ကုန်မြို့မှာ၊ စာအုပ်ထုတ်ဝေဖြန့်ချိပြီး မှတ်ပုံလာမတင်တဲ့ စာအုပ်တိုက်တွေနဲ့ ထုတ်ဝေခွင့်ရလိုင်စင် မရှိဘဲ စာအုပ်ထုတ်ဝေသူတွေကို စစ်ကောင်စီပြန်‌ကြားရေးဝန်ကြီးဌာနက စာအုပ်တိုက်နဲ့ ဆိုင်တွေအထိ လိုက်ရှာဖွေစစ်ဆေးနေတယ်လို့ စာပေအသိုက်အဝန်းက ပြောပါတယ်။

ဒီဇင်ဘာ ၁၄ ရက်ကစလို့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၂ ခုအရ ဆိုကာ ပြန်ကြားရေးအဖွဲ့‌တွေက လိုက်လံရှာဖွေနေကြတာ ဖြစ်ပါတယ်။

ရန်ကုန်က စာအုပ်တိုက်ပိုင်ရှင်တယောက်က “အခု တိုက်တွေကို ဆက်တိုက်လိုက်နေတယ်။ လိုင်စင်ရှိသူတွေက အရင်ဆုံး။ မရှိသူတွေက နောက်မှ လိုက်မယ်။ ပြီးတော့ အမှုပိုကြီးမယ် ပြောတယ်”လို့ ပြောပါတယ်။

ပုံနှိပ်ထုတ်ဝေရေးဥပဒေ ပုဒ်မ ၁၁ (ခ) မှာ“ ပြည်တွင်း၌ ပုံနှိပ်ထုတ်ဝေခြင်းဖြစ်ပါက ပုံနှိပ်သူသည် ၎င်းပုံနှိပ်သော မည်သည့်ထုတ်ဝေစာကိုမဆို မှတ်ပုံတင်စာရင်း ရေးသွင်းခြင်းနှင့် မူပိုင်ခွင့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သတ်မှတ်ချက်များနှင့်အညီ ဝန်ကြီးဌာနသို့ ပေးပို့ရမည်”လို့ ပြဋ္ဌာန်းထားတာ တွေ့ရ ပါတယ်။

ပုဒ်မ ၁၅ မှာတော့ “မည်သူမျှ သက်ဆိုင်ရာလုပ်ငန်းအသိအမှတ်ပြုလက်မှတ်မရှိဘဲ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း သို့မဟုတ် သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်ခြင်းမပြုရ”လို့ ပါရှိပါတယ်။

အွန်လိုင်းစာမျက်နှာ‌တွေကနေ လူသိများလာလို့ ရေးသားထုတ်ဝေရောင်းချနေတဲ့ Boy Love စာအုပ်တွေနဲ့ ကဗျာစာအုပ်လို‌တွေသာ လိုင်စင်မရှိဘဲ ထုတ်ဝေဖြန့်ဖြူးကြတာ  အများဆုံး တွေ့ရတယ်လို့ စာအုပ်ဆိုင်ပိုင်ရှင်တယောက်က ပြောပါတယ်။

“ပုံနှိပ်ကနေ ဖြန့်ချိရေးကို ဖြတ်ပြီးမှ ဆိုင်တွေ ရောက်လာတဲ့ စာအုပ်တိုင်းတော့ ပုံနှိပ်အမှတ်၊ ထုတ်ဝေခွင့်အမှတ်တွေ ပါပါတယ်။ BL စာအုပ်တွေဆို သူ့ပရိသတ်နဲ့သူ။ မိနစ်ပိုင်းအတွင်း အုပ်ရေ ၅၀၀၊ ၁၀၀၀ ကုန်ကုန်သွားတာပဲ။ အဓိက သူတို့က အွန်လိုင်းကနေ ရေးတယ်။ စာအုပ်တွေ ရိုက်ပြီးရင်လည်း အဲဒီကနေပဲ ဖြန့်ကြတယ်။ ဆိုင်တွေ လိုက်စစ်မယ်လို့ ကြားပါတယ်။ ဒီတော့ မရောက်သေးဘူး။”

စာအုပ်ထုတ်ဝေခွင့် လိုင်စင်မရှိဘဲ ထုတ်ဝေခြင်းနဲ့ စာအုပ်ထုတ်ပြီး မှတ်ပုံတင်ရုံး( စာပေစိစစ်ရေး) မပို့ခြင်းတွေအတွက် ပုံနှိပ်ထုတ်ဝေဥပဒေ ပုဒ်မ ၁၉ မှာတော့ ငွေဒဏ် သိန်း ၂၀ ကနေ သိန်း ၅၀ အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလထဲမှာလည်း ရွှေနိုင်ငံစာပေနဲ့ ပိုစတာဖြန့်ချိ‌ရေး အပါအဝင် Boy Love BL စာအုပ် ၂ အုပ်ထုတ်ဝေသူနဲ့ ပုံနှိပ်သူတွေကို စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက လုပ်ငန်းအသိအမှတ်ပြု ထုတ်ဝေခွင့်လက်မှတ်တွေကို ရုပ်သိမ်းခဲ့ဖူးပါတယ်။

dvb
စစ်ကောင်စီ
စာအုပ်ထုတ်ဝေသူ
စာပေထုတ်ဝေခွင့်လိုင်စင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013