Home
အနုပညာ
DVB Peacock ရုပ်ရှင်ပွဲတော် ဆုချီးမြှင့်ပွဲ ကျင်းပ
DVB
·
December 12, 2024

ဒီမိုကရက်တစ်မြန်မာ့အသံက ကြီးမှူးပြုလုပ်တဲ့ DVB Peacock Film Festival 2024 ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ၃ ရက်ကြာကျင်းပခဲ့ပြီး နောက်ဆုံးရက် ဒီဇင်ဘာ ၁၀ ရက်မှာတော့ ဆုရရှိသူတွေကို  ဆုချီးမြှင့်ခဲ့ပါတယ်။

DVB Peacock ရုပ်ရှင်ပွဲတော်မှာ  မြန်မာနိုင်ငံရဲ့ လက်ရှိအခင်းအကျင်းနဲ့ လူမှုဘဝတွေကို ပုံဖော်ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကားပေါင်း ၃၂ ကားဝင်ရောက်ယှဉ်ပြိုင်ပြသခဲ့တာ ဖြစ်ပါတယ်။

ဒီကားတွေထဲက News Feature ကဏ္ဍမှာ ဒါရိုက်တာ Ko King ရဲ့  ရန်ကုန်သပိတ်လူငယ်တွေ ဘယ်လိုထောက်လှမ်းခံနေရသလဲဆိုတဲ့ မှတ်တမ်းရုပ်ရှင်က အကောင်းဆုံးဆုရရှိခဲ့ပါတယ်။ 

CJ Shorts  ကဏ္ဍမှာတော့ ဒါရိုက်တာ Kenny ရိုက်ကူးတဲ့ နောက်ထပ်...နောက်ထပ် (Again & Again) ရုပ်သံက ဆုဆွတ်ခူးခဲ့သလို  တခြားသော ဆုတခုဖြစ်တဲ့ The Best User Generated Content ကို Again & Again ရုပ်သံကပဲ ထပ်မံရရှိခဲ့ပါတယ်။

Kennyက “ကျမတို့ ရုပ်ရှင်ကို ကြိုက်ကြတယ်လို့ သိရတော့ တော်တော်ကြီး အံ့ဩသွားပြီးတော့ ဝမ်းသာတယ်ပေါ့။ ကြိုက်တယ်ဆိုတာနဲ့တင် ဝမ်းသာတယ်။ သဘောကျတယ်ပေါ့။ ဆုတခုရတဲ့အခါ အများကြီး ဝမ်းသာရတယ် ပျော်တယ်ပေါ့။ နောက်ထပ် CJ award ကို ရတဲ့အခါမှာတော့ ကျမ မယုံနိုင်လောက်အောင် ဖြစ်ရတယ်။ ဒီဆုကို ရတယ်ဆိုတာက ဒီ လက်ထုတ္တောကျေးရွာက အကြောင်းအရာတွေကို လူတွေ ပိုပြီး သတိထားမိသွားစေတယ်။ highlight ဖြစ်သွားစေတယ်၊ အဲဒါနဲ့တင် ကျမက ကျေနပ်တယ် ဝမ်းသာတယ်ပေါ့နော်။ အဲဒီအတွက်လည်း ပိုပြီးတော့ ဒီဆုက အထောက်အပံ့ဖြစ်သွားတယ်လို့မြင်ပါတယ်”လို့ ပြောပါတယ်။

Again & Again ရုပ်သံကပြီးခဲ့တဲ့ မေလအတွင်း စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာက ဒေသခံပေါင်း ၃၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်တဲ့ ဇာတ်လမ်းကို မှတ်တမ်းတင် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်၊

တခြားအမျိုးအစားတစ်ခုဖြစ်တဲ့ DSDC Short Doc Contest Award ကိုတော့ ဒါရိုက်တာ အံ့မော်ဦးရဲ့ အလင်းနောက်သို့ (Towards Light) က ရရှိခဲ့ပါတယ်။

စစ်ကောင်စီကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ဆုံးရှုံးခဲ့ရပေမဲ့ ယုံကြည်ရာနောက်ကို ဆက်လျှောက်နေတဲ့ အဆိုတော်တယောက်နဲ့ မိဘနှစ်ပါးစလုံးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့လို့ မိဘမဲ့ဖြစ်ရတဲ့ လူငယ် ရက်ပ်ပါတယောက်တို့နဲ့ ပုံဖော်ရိုက်ကူးထားတဲ့ အလင်းနောက်သို့က အကဲဖြတ်ဒိုင်လူကြီးတွေရဲ့ အနှစ်သက်ဆုံး မှတ်တမ်းရုပ်ရှင်ကားတကား ဖြစ်ခဲ့ပါတယ်။

အံ့မော်ဦးနှင့်အဖွဲ့က “အကုန်လုံး ဝင်ပြိုင်တဲ့ကားတွေအကုန်က တမျိုးနဲ့တမျိုး ပုံစံမတူဘူးပေါ့၊ ဇာတ်ကြောင်းတွေကလည်း မိုက်တယ်။ တင်ပြပုံတွေကလည်း တော်တော်မိုက်တယ်။ အဲဒီအထဲမှာကို ဒိုင်တွေက ရွေးချယ်ရခက်တယ်လို့ ပြောသွားတယ်။ အဲဒီအထဲမှာ ကျနော်တို့ ရတဲ့အတွက် ဂုဏ်ယူမိတယ်။ ဂုဏ်ယူတယ်လို့ မသုံးချင်ဘူး။ ဒီကာလကြီးမှာ ကျနော်တို့ လုပ်နိုင်ခဲ့တယ်ပေါ့။ we made it ပေါ့။ ဒီကားထဲမှာ သီချင်းတွေ ထုတ်လုပ်မှုက သူတို့ စကေးတွေလည်း အများကြီးပါတယ်၊ ဆုရတယ် ဆိုတာကလေ”လို့ ပြောပါတယ်။

ဆုပေးပွဲအခမ်းအနားမှာတော့ ဆုရရှိသူတွေကလည်း တက်ရောက်အမှတ်တရ ဝမ်းသာစကားတွေပြောခဲ့ကြသလို ပွဲကို မတက်ရောက်နိုင်တဲ့သူတွေကတော့ အွန်လိုင်းကတဆင့် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး တာဝန်ရှိသူတွေက ကိုယ်စား ဆုတက်ယူပေးခဲ့ကြပါတယ်။

နိုင်ငံတကာက လွတ်လပ်တဲ့ အကဲဖြတ်တွေ ရွေးချယ်တဲ့ International Jury Best Choice Award ကို ဒါရိုက်တာ Little Fingers ရဲ့  ရက်ကျန်နေ့ရက်များ (The Heart of Yangon) ၊  International Jury Mention Award ကို ဒါရိုက်တာ Nway Oo Nyein ရဲ့ Steps Forward  နဲ့ International Jury Mention Award ကိုတော့ ဒါရိုက်တာ Myo Naing ရဲ့  အူဝဲ (Waaah) တို့က ရရှိခဲ့ပါတယ်။

DVB Peacock Film Festival 2024 မှာ မြန်မာ့ဒီမိုကရေစီခရီးလမ်းကြမ်းက သမိုင်းမှတ်တမ်းတွေ၊ အကျပ်အတည်းတွေကြားက ရှင်သန်နေထိုင်မှုတွေနဲ့ မြန်မာသတင်းထောက်တွေ ပေးပို့တဲ့ လက်ရှိ ခေတ်နဲ့စနစ်ကို ထင်ဟပ်စေတဲ့ ရုပ်သံဆောင်းပါး  News Featureတွေ အပြင် နာမည်ကြီး မြန်မာ Documentary Filmmaker တွေရဲ့ မှတ်တမ်းရုပ်ရှင်တွေနဲ့ ဒီဗွီဘီက အထူးစုံစမ်း ဖော်ထုတ်ထားတဲ့ Investigate Documentary တွေ ပါဝင်ပြသခဲ့ပါတယ်။

ဝေဝေ

dvb
ရုပ်ရှင်ပွဲတော်
DVB Peacock Film Festival

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013