Home
အားကစား
စပိန်တင်းနစ်ချန်ပီယံ နာဒယ် ကစားသမားဘဝက အနားယူ
DVB
·
November 20, 2024

ဒေးဗစ်ဖလားပြိုင်ပွဲမှာ စပိန်အသင်း ရှုံးနိမ့်ပြီးနောက် စပိန်တင်းနစ်သမား ရာဖေးလ်နာဒယ် ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။

ဂရင်းစလန်းပြိုင်ပွဲ ၂၂ ကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ နာဒယ်ဟာ ဒေးဗစ်ဖလားပြိုင်ပွဲဟာ သူ့ ကစားသမားဘဝတလျှောက် နောက်ဆုံးဖြစ်ကြောင်း ပြိုင်ပွဲမတိုင်မီကတည်းက ထုတ်ဖော် ကြေညာထားပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိ နာဒယ်ဟာ ပြီးခဲ့တဲ့ပွဲမှာ နယ်သာလန် ကစားသမားကို ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အဲဒီပွဲမှာ သူ့ကို နှစ်ဖက်ပရိသတ်တွေက အားပေးခဲ့တာ တွေ့ရပါတယ်။

“ပရော်ဖက်ရှင်နယ် ကစားသမားဘဝ နှစ် ၂၀ အကြာမှာ ပရိသတ်တွေရဲ့ အားပေးမှုကြောင့် အောင်မြင်မှုတွေရခဲ့ပြီး သူတို့ကြောင့်ပဲ တင်းနစ်ကို ဆက်ကစားဖြစ်တာပါ။ ကျနော့် ခန္ဓာကိုယ်က ကစားဖို့ ထပ်မဖြစ်နိုင်လို့ ကျနော့်အနေနဲ့ တင်းနစ်ကို ဆက်ပြီး ကစားဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။ ဝါသနာဖြစ်တဲ့ တင်းနစ်ကို အချိန်အကြာကြီး ကစားနိုင်ခဲ့တာက ကျနော့်အတွက် ဂုဏ်ယူစရာ ကိစ္စတခုပါ” လို့ နာဒယ်က ပြောပါတယ်။

စပိန်နဲ့ နယ်သာလန်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြတဲ့ ဒေးဗစ်ဖလားပြိုင်ပွဲကို ပရိသတ် ၁၁,၅၀၀ လာရောက်ကြည့်ရှု့ခဲ့ပြီး ပရိသတ်တွေက နာဒယ်ရဲ့နာမည်ကို သံပြိုင်ကြွေးကြော်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။

နာဒယ်ဟာ တင်းနစ်သမိုင်းတလျှောက်မှာ ဂျိုကိုဗစ် ပြီးရင် ဂရင်းစလန်း အမျိုးသားတယောက်ချင်း ပြိုင်ပွဲမှာ အောင်မြင်မှုအရှိဆုံး ကစားသမား ဖြစ်ပါတယ်။

ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ ၁၄ ကြိမ်နဲ့ စံချိန်တင် ဗိုလ်စွဲထားတဲ့ နာဒယ်ဟာ ပွဲပေါင်း ၁၁၆ ပွဲမှာ ၁၁၂ ပွဲ အနိုင်ရခဲ့သူဖြစ်ပါတယ်။

နာဒယ်ဟာ ယူအက်စ်အိုးပင်းမှာ ၄ ကြိမ် ဗိုလ်စွဲထားပြီး ဩစတြေးလျအိုးပင်းနဲ့ ဝင်ဘယ်ဒယ်မှာ ၂ ကြိမ်စီ ဗိုလ်စွဲနိုင်ခဲ့သူ ဖြစ်ပါတယ်။

အိုလံပစ်ပြိုင်ပွဲမှာ တယောက်ချင်းနဲ့ နှစ်ယောက်တွဲပြိုင်ပွဲတို့မှာ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့တဲ့ နာဒယ်ဟာ ဒေးဗစ်ဖလားပြိုင်ပွဲမှာလည်း စပိန်အသင်းကို ဖလား ၄ ကြိမ်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

Source : Reuters

dvb
စပိန်
တင်းနစ်
နာဒယ်
‌ေဒးဗစ်ဖလား
Nadal

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013