Home
မြန်မာသတင်း
ပုသိမ်တွင် ရွေးကောက်ပွဲအကြောင်းပြပြီး အိမ်ထောင်စုစာရင်းများ ကောက်ယူ
DVB
·
September 27, 2024

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ ရွေးကောက်ပွဲအတွက်ဆိုပြီး စစ်ကောင်စီလက်အောက်ခံ လဝက ဝန်ထမ်းတွေ အပါအဝင် ပူးပေါင်းအဖွဲ့တွေက အိမ်ထောင်စုစာရင်းတွေ လိုက်လံကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုသိမ်မြို့နယ်မှာ စက်တင်ဘာလ ဒုတိယအပတ်က စတင်ပြီး စစ်ကောင်စီလက်အောက်ခံ လဝက ဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ပါတဲ့ ပူးပေါင်းအဖွဲ့တွေက ရွေးကောက်ပွဲအတွက်လို့ ပြောဆိုပြီး တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်းတွေ လိုက်လံ ကောက်ယူနေတာလို့ ဒေသခံတွေက ဆိုပါတယ်။

ပုသိမ်မြို့ခံတယောက်က “ကျမတို့ရပ်ကွက်ထဲကိုလာပြီး စာရင်းလာကောက်သွားတယ်။ ထွေအုပ် ရပ်ကျေးစာရေးတွေနဲ့ အုပ်ကြီးတွေက လိုက်ကောက်သွားတာ။ မြေပြင်ဆင်းပြီး ကောက်တာ။ ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းတွေ ကောက်ခိုင်းလို့ ကောက်တာတဲ့။ အိမ်ထောင်စုစာရင်းမရှိတဲ့သူတွေနဲ့ ပျောက်ပျက်သွားတဲ့လူတွေရှိရင် ပိုက်ဆံတော့‌ေပးရမယ်၊ အသစ်လုပ်ပေးမယ်လို့ ပြောသွားတယ်” လို့ ပြောပါတယ်။

ပုသိမ်မြို့နယ်က တချို့ရပ်ကွက်နဲ့ ကျေးရွာတွေမှာတော့ အုပ်ချုပ်ရေးမှူးတွေက လုံခြုံရေးအတွက် ကွင်းမဆင်းရဲလို့ အိမ်ထောင်စုစာရင်းတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် မိတ္တူ ၂ ရွက်ဆွဲပြီး သင်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးတွေကို သွားပို့ပေးဖို့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေက တဆင့် တောင်းယူနေတာလည်းရှိတယ်လို့ သိရပါတယ်။

ပုသိမ်ဒေသခံတယောက်က “ရွေးကောက်ပွဲလုပ်လည်း စိတ်မဝင်စားဘူး၊ သူတို့ဘာသာ အိမ်ထောင်စုစာရင်းကို လာယူရင်ယူ မယူရင်နေ။ သူတို့လုပ်လို့ ထမင်းနပ်မှန်အောင် မနည်းလုပ်နေရတာ။ ဘာမှကိုစိတ်မဝင်စားဘူး။ NLD ပါတီက နိုင်ပြီးသားကို ရွေးကောက်ပွဲထပ်လုပ်မှာကို လက်မခံဘူး၊ အသိအမှတ် မပြုဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်းထဲက မြို့နယ်အားလုံးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) က အနိုင်ရရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီး NLD ပါတီ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ၊ NLD ပါတီဝင်တွေ၊ NLD ပါတီကို ထောက်ခံတဲ့ အနုပညာရှင်တွေကို ဖမ်းဆီးအကျဉ်းချထားပြီးနောက် အခုလို အကြောင်းအမျိုးမျိုးပြကာ ရွေးကာက်ပွဲ ပြန်လည်လုပ်ဖို့ စစ်ကောင်စီက ကြိုးပမ်းနေတာလို့ တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

ပုသိမ်မြို့နယ်မှာ ရွေးကောက်ပွဲအတွက်လို့ ခေါင်းစဉ်တပ်ပြီး အိမ်ထောင်စုစာရင်း ကောက်နေတဲ့ အပြင် အရပ်သား လူငယ်တွေကို စစ်မှုထမ်းဖို့ဆိုကာ လူငယ်တွေရဲ့ စာရင်းတွေကိုလည်း စက်တင်ဘာ ပထမအပတ်က လိုက်လံကောက်ယူခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

dvb
ပုသိမ်
အိမ်ထောင်စုစာရင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013