Home
မြန်မာသတင်း
တနင်္သာရီ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိုင်းရောက်မြန်မာလူငယ်များ  အာဇာနည်နေ့အခမ်းအနား ကျင်းပ
DVB
·
July 20, 2024

တနင်္သာရီမြို့နယ်၊ တော်လှန်ရေးတပ်ဖွဲ့ စိုးမိုးနယ်မြေမှာရှိတဲ့ NUG အစိုးရ အသိအမှတ်ပြု ပြည်သူ့အခြေပြု အထက်တန်းကျောင်းမှာ ၇၇ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဇူလိုင် ၁၉ ရက်မနက်က ကျင်းပခဲ့ပါတယ်။

အာဇာနည်နေ့ အခမ်းအနားကို ပြည်သူ့အခြေပြု အထက်တန်းကျောင်း တာဝန်ရှိသူတွေနဲ့ တနင်္သာရီမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသ) တို့က ပူးပေါင်းပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့အခြေပြုအထက်တန်းကျောင်း (SEG) တာဝန်ခံ ကိုဇင်ယော်က “ပြည်သူတွေက စစ်အာဏာရှင်ကို တော်လှန်နေတဲ့အချိန် ကျနော်တို့ ဒီဒေသမှာ ကြားကာလ ပညာရေးကို ဖော်ဆောင်ခဲ့တယ်။ ကြားကာလပညာရေးမှာ သင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူတွေ အနေနဲ့ အာဇာနည်ဆိုတာ ဘာကြောင့် အာဇာနည်လို့ သတ်မှတ်တာလဲ။ အာဇာနည်ဆိုတာ ကိုယ်ကျိုးစီးပွားအတွက် မဟုတ်ဘဲနဲ့ အများအကျိုးစီးပွားအတွက် အသက်စွန့်ပြီး ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို အာဇာနည်လို့ ခေါ်တယ်ဆိုတာ အသိရှိစေချင်တယ်။ ကျောင်းသား ‌ကျောင်းသူတွေကို အာဇာနည်ပုဂ္ဂိုလ်တွေရဲ့ ဆောင်ရွက်ချက်တွေ၊ စိတ်ဓာတ်တွေကို အမြဲတမ်း အမှတ်ရပြီး အတုယူ ဆောင်ရွက်စေချင်တယ်” လို့ ပြောပါတယ်။

အာဇာနည်နေ့ အခမ်းအနားမှာ ၁၉ ဇူလိုင် အဖွင့်သီချင်း သီဆိုတာတွေ၊ အာဇာနည်နေ့ သမိုင်းကြောင်းနဲ့ အမှတ်တရစကား ပြောကြားတာတွေ၊ ကဗျာရွက်ဆိုတာတွေနဲ့ ၁ မိနစ်ငြိမ်သက် အလေးပြုတာတွေ ပြုလုပ်ခဲ့ပါတယ်။

တနင်္သာရီမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသ) တာဝန်ခံ ကိုခတ္တာက “အာဇာနည်နေ့ အခမ်းအနားကို ကျနော်တို့ တနဗကသနဲ့ ပြည်သူ့အခြေပြု အထက်တန်းကျောင်း ပူးပေါင်းပြီး ပြုလုပ်ခဲ့တယ်။ ဒီပွဲပြုလုပ်ရတာ အခက်အခဲတွေ အများကြီးရှိတယ်။ နယ်မြေအနေအထားအရ လေကြောင်းအန္တရာယ်ကိုလည်း ဂရုစိုက်ရတယ်” လို့ ပြောပါတယ်။

အဆိုပါအခမ်းအနားကို တာဝန်ရှိသူတွေနဲ့ ကျောင်းသား ကျောင်းသူတွေ အပါအဝင် စုစုပေါင်း ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် ဗိုလ်ခရမ်းတပ်ဖွဲ့က ရဲဘော်တွေကလည်း အာဇာနည်နေ့ အခမ်းအနားကို ပူးပေါင်းပြီး ချီတက်အလေးပြုခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်၊ မော‌တောင်မြို့နဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံ၊ ပရာကျွတ်မြို့မှာ ဒီကနေ့ မနက်ပိုင်းက ၇၇ နှစ်‌မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနားကို ထိုင်းရောက် တော်လှန်ရေးတက်ကြွလှုပ်ရှားသူ လူငယ်တချို့က ဦးစီးကျင်းပခဲ့ပါတယ်။

အာဇာနည်နေ့ အခမ်းအနားမှာ ပွဲအစီအစဉ်တွေအနေနဲ့ အမှတ်တရစကား ပြောတာတွေ၊ ကဗျာရွတ်ဖတ်‌တာတွေ၊ ထိုင်းစံတော်ချိန် ၁၀ နာရီ ၃၇ မိနစ်မှာ အလေးပြုတာ နဲ့ တက်ရောက်လာသူတွေကနေ လွမ်းသူ့ပန်းခွေချတဲ့ အစီအစဉ်တွေ အပါအဝင် ကျောင်းသားကလေးတွေအတွက် ဂိမ်းကစားတဲ့ အစီအစဉ်တချို့ကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ လူငယ်တဦးက ပြောပါတယ်။

အခမ်းအနားအစီအစဉ် ပြီးဆုံးတဲ့နောက် တက်ရောက်လာသူတွေကို မြန်မာအစားအသောက်တွေနဲ့ ကျွေးမွေးဧည့်ခံတယ်လို့ သိရပါတယ်။

dvb
တနင်္သာရီ
အာဇာနည်နေ့
မြန်မာသတင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013