Home
မြန်မာသတင်း
သမ္မတနှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့ကို တိုင်ကြားထားသည့် စာချွန်တော်အမှု အမိန့်မချဖြစ်
ပြည့်ဘုန်းအောင်
·
January 29, 2021

ပြည့်ဘုန်းအောင်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌတို့နဲ့ ပတ်သက်ပြီး လျှောက်ထားတဲ့ စာချွန်တော်အမိန့် လက်ခံသင့်မသင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးကနေ ဒီနေ့ အမိန့်မချဖြစ်ဘဲ အချိန်နှစ်လ နောက်ဆုတ်လိုက်တယ်လို့ စုံစမ်းသိရပါတယ်။

အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က “အတိအကျတော့ မသိရသေးဘူး။ ကျနော်တို့ ကြားမိတာကတော့ စာချွန်တော်အမိန့်က ဒီနေ့မချဖြစ်ဘူး အချိန် နှစ်လ နောက်ဆုတ်လိုက်တယ်လို့ပဲ ကြားမိသေးတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

စာချွန်တော် အမိန့်လက်ခံသင့် မခံသင့် ကြားနာမှုကိုတော့ ဒီကနေ့ဇန်နဝါရီ ၂၉ ရက်နေ့မနက် ၉ နာရီခွဲကစပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက တရားသူကြီးတွေက Video Conferencing စနစ်နဲ့ အွန်လိုင်းကနေ ကြားနာ စစ်ဆေးခဲ့တာပါ။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ စစ်ဆေးတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်အရ နိုင်ငံတော်သမ္မတနဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့ကို တိုင်ကြားတဲ့ စာချွန်တော်အမိန့်ကို စီရင်ချက်ချမှတ်ဖို့ သီးသန့်ထားကြောင်း ထုတ်ပြန်ထားပါတယ်။

အခုလို ရက်ချိန်းနောက်ဆုတ်လိုက်တာဟာ အရေးကြီးတဲ့နိုင်ငံတော်အမှုဖြစ်တာကြောင့် အချိန်ယူ လေ့လာသုံးသပ်ဆောင်ရွက်ရမှာကြောင့် ဥပဒေကြောင်းအရ ရက်ချိန်းပြန်လည်ပေးတဲ့ သဘောလို့ ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

ရွေးကောက်ပွဲ မဲမသမာမှုတွေရှိခဲ့တယ်ဆိုပြီး ဖြေရှင်းပေးဖို့ ကြံ့ခိုင်ရေးပါတီနဲ့ အမျိုးသား နိုင်ငံရေးဒီမိုကရက်တစ်ပါတီတို့က အာဏာပိုင်မေး စာချွန်တော် အမိန့်နှစ်ခုနဲ့ အာဏာပေး စာချွန်တော် အမိန့်တစ်ခု စုစုပေါင်း စာချွန်တော် သုံးမှု လျှောက်ထားခဲ့တာပါ။

လျှောက်ထားတဲ့ စာချွန်တော် သုံးမှုမှာတော့ နိုင်ငံတော် သမ္မတဦးဝင်းမြင့် အပါအဝင် ၄ ဦးကို ဦးတည်လျှောက်ထားမှု တစ်ခုနဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အပါအဝင် ၁၅ ဦးကို အာဏာပိုင်မေး စာချွန်တော် နစ်မှု လျှောက်ထားခဲ့တာပါ။

ကြံ့ခိုင်ရေးပါတီက လျှောက်တဲ့ စာချွန်တော်အမှုကို တရားလွှတ်တော်ရှေ့နေ ဒေါ်မို့မို့စိန်က ဆောင်ရွက်ခဲ့တာဖြစ်ပြီး အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီက လျှောက်ထားတဲ့ စာချွန်တော် အမှုကိုတော့ ရှေ့နေဦးဇော်ဝိတ်နဲ့ ဒေါ်ခင်ခင်ဌေး တို့က ဆောင်ရွက်ခဲ့တာပါ။

အာဏာပိုင်မေး စာချွန်တော် အမိန့်ဆိုတာဟာ အစိုးရ အာဏာပိုင်တွေရဲ့ လုပ်ရပ်ကြောင့် ထိခိုက်နစ်နာတယ်လို့ ယူဆရင်၊ ပြန်လည် တရားစွဲဆိုနိုင်ဖို့ ခွင့်ပြုထားတဲ့ အမိန့်ပါ။ 

အာဏာပေး စာချွန်တော် အမိန့်ဆိုတာကတော့ တရားဝင် အခွင့်အာဏာရှိသူတစ်ဦး ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ အပ်နှင်းထားတဲ့လုပ်ပိုင်ခွင့်နဲ့အညီ လိုက်နာဆောင်ရွက်မှု ပျက်ကွက်ရင် ဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်ဖို့ ရေးသားထုတ်ပြန်ထားတဲ့ အမိန့်စာ ဖြစ်ပါတယ်။

သမ္မတ
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ
စာချွန်တော်အမှု

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013