Home
ဆောင်းပါး
ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း ဥပဒေကြမ်း တင်သွင်းမှုနှင့် ဥပဒေပြဌာန်းမှု
DVB
·
January 26, 2021

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်ခဲ့တဲ့ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းဟာ မကြာခင် ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်မှာ ပြီးခဲ့တဲ့ ဒုတိယအကြိမ် လွှတ်တော်သက်တမ်း  (၅) နှစ်အတွင်း ဥပဒေကြမ်းဘယ်နှခု တင်သွင်းခဲ့ပါသလဲ။ အဲဒီထဲက ဘယ်နှခုကို ဥပဒေ အတည်ပြု ပြဌာန်းခဲ့ပါသလဲ။

အစည်းအဝေးရက်များ

ဒုတိယအကြိမ် လွှတ်တော် သက်တမ်းအတွင်း ပုံမှန်အစည်းအဝေးများ ကျင်းပခဲ့တဲ့ အစည်းအဝေးပေါင်း (၁၇) ကြိမ်ရှိပါတယ်။ ပထမနှစ်၊ ဒုတိယနှစ်နှင့်ပဉ္စမနှစ် တို့တွင် အစည်းအဝေး (၃) ကြိမ်စီ နှင့် စတုတ္ထနှစ်နှင့် တတိယနှစ်တို့တွင် (၄) ကြိမ်စီ ကျင်းပခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော် ကျင်းပခဲ့တဲ့ရက်ပေါင်း (၂၉၀) ရှိပြီး ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာတော့ လွှတ်တော်ကျင်းပခဲ့တဲ့ ရက်ပေါင်းဟာ (၃၉၀) ကျော်စီရှိပါတယ်။

လွှတ်တော် သက်တမ်း (၅) နှစ်အတွင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပခဲ့တဲ့ ရက်ပေါင်း အများဆုံးက စတုတ္ထနှစ်မှာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော်မှာဆိုရင်တော့ ပထမနှစ်မှာ အစည်းအဝေး ကျင်းပတဲ့ရက် အများဆုံးဖြစ်ပြီး ရက်ပေါင်း (၁၀၀) ကျော်စီ ရှိပါတယ်။

ဥပဒေကြမ်းတင်သွင်း 

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်းမှာ ပြည်ထောင်စုလွှတ်တော်သို့ ဥပဒေကြမ်း တင်သွင်းမှု စုစုပေါင်း (၁၅၇) ခုရှိပါတယ်။ အသစ်ရေးဆွဲသည့် ဥပဒေကြမ်းဟာ အများဆုံးဖြစ်ပြီး စုစုပေါင်းတင်သွင်းတဲ့ ဥပဒေကြမ်း၏ (၅၈) ရာခိုင်နှုန်းရှိပါတယ်။ လွှတ်တော်သက်တမ်း ဒုတိယနှစ်မှာ ဥပဒေကြမ်း တင်သွင်းမှု အရေအတွက် အများဆုံးဖြစ်ပြီးတော့ (၃၀) ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ နှစ်အလိုက် ဥပဒေ ပြဌာန်းနိုင်တဲ့ အရေအတွက်ကို ကြည့်မယ်ဆိုလျှင် လွှတ်တော်သက်တမ်း စတုတ္ထနှစ်မှာ အများဆုံး ပြဌာန်းနိုင်ခဲ့ပြီး ဥပဒေပေါင်း (၄၀) ရှိခဲ့ပါတယ်။  

လွှတ်တော်အသီးသီးသို့ တင်သွင်းခဲ့သည့် ဥပဒေကြမ်း (၁၆၈) ခုအနက် ထက်ဝက်ကျော်ဟာ ဝန်ကြီးဌာန (၂၀) ကျော်က တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ကော်မတီများက ဒုတိယအများဆုံးဖြစ်ပြီး ကော်မရှင်များနှင့်ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက တတိယအများဆုံးဖြစ်ပါတယ်။ ဥပဒေကြမ်း တင်သွင်းတဲ့အထဲမှာ ဘဏ္ဍာရေးနှင့်စီမံကိန်းကဏ္ဍနဲ့ ပတ်သက်တာ အများဆုံးဖြစ်ပြီး စုစုပေါင်း (၃၉) ခု ပါဝင်ပါတယ်။

အတည်ပြုပြဌာန်းပြီးဥပဒေ 

လွှတ်တော်အသီးသီးသို့ တင်သွင်းခဲ့တဲ့ ဥပဒေကြမ်း (၁၅၇) ခုအနက် (၁၄၂) ခုကို ဥပဒေအဖြစ် ပြဌာန်းနိုင်ခဲ့ပြီး တင်သွင်းတဲ့ ဥပဒေကြမ်းစုစုပေါင်း၏ (၉၀)  ရာခိုင်နှုန်းကို ဥပဒေအဖြစ် ပြဌာန်းနိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဥပဒေ (၁၄၂) ခုတွင် အသစ်ရေးဆွဲသည့် ဥပဒေ (၇၈) ခု၊ ပြင်ဆင်သည့်ဥပဒေ (၅၅) ခုနှင့် ရုပ်သိမ်းသည့်ဥပဒေ(၉) တို့ဖြစ်ကြပါတယ်။

ဒါ့ပြင် ရုပ်သိမ်းခဲ့သည့် ဥပဒေ (၉) ခုအနက် အုပ်ချုပ်ရေး ကဏ္ဍနှင့် သက်ဆိုင်သော ဥပဒေ (၅) ခုပါဝင်ပါတယ်။ ပြင်ဆင်သည့် အကြိမ်အရေအများဆုံး ကတော့ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ဥပဒေများဖြစ်ကြပြီး ပဉ္စမအကြိမ်ထိ ပြင်ဆင်ခဲ့ကြပါတယ်။

ကဏ္ဍအလိုက် ပြဌာန်းခဲ့သည့် ဥပဒေအရေအတွက်ကို ကြည့်မယ်ဆိုရင် လူမှုရေး/ကျန်းမာရေးကဏ္ဍက အများဆုံးဖြစ်ပြီး (၃၉) ရာခိုင်နှုန်းရှိပါတယ်။ စီးပွားရေးကဏ္ဍမှာ ဒုတိယအများဆုံးဖြစ်ပြီး ၃၇ ရာခိုင်နှုန်းရှိပါတယ်။ 

ပြဌာန်းရန်မသင့် နှင့် တင်သွင်းသည့်အဖွဲ့အစည်းသို့ ပြန်လည်ပေးပို့ခဲ့သည့် ဥပဒေကြမ်း (၂) ခု စီရှိခဲ့ပြီး တင်သွင်းသည့် အဖွဲ့အစည်းက ပြန်လည်ရုပ်သိမ်းသည့် ဥပဒေကြမ်း (၁) ခု ရှိပါတယ်။ 

ဒါ့ပြင် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပြီးဆုံးသည်အထိ အဆုံးအဖြတ်မပြုနိုင်သေးတဲ့ ဆွေးနွေးဆဲ ဥပဒေကြမ်းပေါင်း (၂၁) ခုရှိပါတယ်။ အဆိုပါ (၂၁) တွင် အသစ်ရေးဆွဲသည့် ဥပဒေကြမ်း (၁၇) ခု၊ ပြင်ဆင်သည့် ဥပဒေကြမ်း (၃) ခုနှင့် ရုပ်သိမ်းသည့် ဥပဒေကြမ်း (၁) တို့ ပါဝင်ပါတယ်။  

Written by - DVB Data

လွှတ်တော်
ဥပဒေ
data story
DVB Data
hluttaw
infographics

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013