Home
မြန်မာသတင်း
ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးကျင်းပရန် တောင်းဆို
DVB
·
January 12, 2021
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူကျင်းပပေးဖို့  တပ်မတော်သားကိုယ်စားလှယ် ၁၆၀ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးက ပြည်ထောင်စုလွှတ်တော် နာယကဆီ စုစည်းတင်ပြတောင်းဆိုခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီ ၁၁ ရက်က သတင်းထုတ်ပြန်ပါတယ်။        ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၈ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပပြီးနောက်မှာ ဒုတိယအကြိမ် လွှတ်တော်သက်တမ်း ကုန်ဆုံးခြင်း မရှိသေးပေမယ့် လွှတ်တော် အစည်းအဝေးတွေကို ခေါ်ယူကျင်းပတာတွေ မရှိတော့ဘဲ တတိယအကြိမ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးတွေကို လာမယ့် ဖေဖော်ဝါရီ ၁ ရက်မှာ စတင် ကျင်းပဖို့ ခေါ်ယူနေတာကို တွေ့ရှိရတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါကြောင့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာ ကျန်ရှိနေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေး မဆုံးရှုံးစေဖို့၊ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ စပ်လျဉ်းပြီး ရွေးကောက်ပွဲဆိုင်ရာ ပြဿနာတွေကို လွှတ်တော်ထဲမှာ တင်ပြဆွေးနွေးနိုင်ဖို့၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ နိုင်ငံတော်အခြေခံမူတွေ မပျက်ယွင်းအောင် ပြည်ထောင်စုလွှတ်တော်က ထိန်းကျောင်း ဆောင်ရွက်နိုင်ရန်ဖို့စတာတွေကို  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၄၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၇ တို့နဲ့အညီ တောင်းဆိုတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလို တောင်းဆိုရာမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းရဲ့ လေးပုံတပုံကျော် ဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ် စားလှယ် ၃၆ ဦး၊ ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၄ ဦး၊ အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီ လွှတ်တော် ကိုယ်စားလှယ် ၁ ဦး၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၆၀ ဦး တို့ ပါဝင်ကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
တပ်မတော်သားကိုယ်စားလှယ်
ပြည်ထောင်စုလွှတ်တော်
အထူးအစည်းအဝေးကျင်းပရန် တောင်းဆို

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013