Home
မြန်မာသတင်း
ဧရာဝတီတိုင်းလွှတ်တော် ၂၅ ကြိမ်မြောက်ပုံမှန် အစည်းအဝေး ပြန်ရုပ်သိမ်း
DVB
·
January 12, 2021
ဇန်နဝါရီ ၁၄ ရက်မှာ ကျင်းပဖို့ ခေါ်ယူထားတဲ့ ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၂၅ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ပြန်လည် ရုပ်သိမ်းလိုက်တယ်လို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ဒီဗွီဘီကို ပြောပါတယ်။ တတိယအကြိမ်လွှတ်တော်ခေါ်ဖို့ ပြင်ဆင်ရမယ့် ကိစ္စတွေရှိတာနဲ့ တိုင်းအတွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုရှိနေတဲ့ အခြေအနေတွေကြောင့်  ၂၅ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ရုပ်သိမ်းလိုက်တာလို့ဆိုပါတယ်။ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က “ပြည်ထောင်စုမှာလည်း ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ဖေဖော်ဝါရီ ၁ ရက်နေ့ကို ခေါ်ဆိုပြီးဖြစ်နေတဲ့ အထဲမှာ ဒုတိယအကြိမ်လွှတ်တော်ကို ပြန်ခေါ်ဖို့ အဲဒီလို ပြဿနာရှာတဲ့ အသံလေးတွေဖြစ်လာတဲ့အခါ ကျနော်တို့က ရှုပ်ရှုပ်ထွေးထွေးနဲ့ လွတ်သွားအောင်လို့။ လွှတ်တော်သစ် အဆောက်အုံ  ဖွင့်ပွဲကြီးလည်း ပြီးသွားပြီ၊ ကျနော်တို့ ကိုယ်စားလှယ်တွေလည်း ကျေနပ်သွားပြီ။ တတိယအကြိမ်လွှတ်တော် ခေါ်ဖို့နဲ့  ကိုဗစ်အခြေအနေနဲ့ ခြုံငုံသုံးသပ်လိုက်ပြီး ၁၄ ရက်နေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ဟာကို ပြန်ရုပ်သိမ်းလိုက်တာပါ” လို့ ပြောပါတယ်။ ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၂၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဒီကနေ့ ဇန်နဝါရီ ၁၁ ရက်မှာ ရုပ်သိမ်းလိုက်ပြီလို့ တိုင်းလွှတ်တော်ရုံးကနေ သိရပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ စတင်တာဝန်ထမ်းဆောင်ရမယ့်  တတိယအကြိမ်  ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေးတွေကိုတော့  ဖေဖော်ဝါရီလ အတွင်းခေါ်ယူသွားဖို့ရှိတယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောပါတယ်။ “တစ်တိုင်းလုံးတောင် ကျနော်တို့ အနိုင်ရရှိထားတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လွှတ်တော်က လက်ဆင့်ကမ်းသွားမှာဖြစ်တယ်။ ကျန်ခဲ့တဲ့ကိစ္စတွေ ဟိုဘက်မှာဆက်ပြီး ဆောင်ရွက်ဖို့ပါ။ ဒုတိယအကြိမ်လွှတ်တော်မှာရခဲ့တဲ့ အရှိန်နဲ့ တတိယလွှတ်တော်မှာတော့ ပိုပြီးတော့အရှိန်မြှင့် ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်”။ ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်သက်တမ်းမှာ ပုံမှန်အစည်းအဝေး ၂၄ ကြိမ်၊ အရေးပေါ်အစည်းအဝေး ၄ ကြိမ်၊ အထူး အစည်းအဝေး ၁ ကြိမ်ကျင်းပခဲ့ပြီး ကိုယ်စားလှယ်တွေက  ကြယ်ပွင့်ပြမေးခွန်းပေါင်း ၁၀၈၁ ခုနဲ့ ကြယ်ပွင့်မပြ   မေးခွန်းပေါင်း ၂၂၀ မေးမြန်းခဲ့ကြပါတယ်။ ဒုတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ် ၄၉ ယောက်၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက ၃ ယောက်နဲ့ ၊ တပ်မတော်သားကိုယ်စားလှယ် ၁၈ ယောက်ရှိပါတယ်။ လာမယ့် တတိယအကြိမ်လွှတ်တော်မှာတော့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ၅၄ ယောက်နဲ့  တပ်မတော်သားကိုယ်စားလှယ် ၁၈ ယောက် ရှိမှာ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းလွှတ်တော်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013