Home
Lead Story
မြန်မာနိုင်ငံတွင် ရက်ပေါင်း ၁၂၀ အတွင်း COVID-19 ဖြစ်ပွားမှု အခြေအနေ
DVB Digital
·
July 23, 2020
မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုး တွေ့ရှိမှုသည် ဇူလိုင် ၂၁ ရက်နေ့တွင် ရက်ပေါင်း ၁၂၀ ရှိပြီဖြစ်ပြီး အတည်ပြုလူနာပေါင်း (၃၄၁) ဦးရှိသည်။ အဆိုပါရက်ပေါင်း ၁၂၀ အတွင်း ရောဂါဖြစ်ပွားသူ၏ (၈၂) ရာခိုင်နှုန်း (၂၈၀) ဦးမှာ သက်သာပျောက်ကင်းပြီး ဖြစ်ကာ ၄င်းတို့ထဲမှ (၂၆၆) ဦးမှာ ဆေးရုံက ဆင်းပြီးဖြစ်သည်။ လက်ရှိအချိန်ထိ ကုသဆဲလူနာပေါင်း (၅၅) ဦးနှင့် သေဆုံးသူပေါင်း (၆)ဦးရှိသည်။
မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး ဓာတ်ခွဲစစ်ဆေးမှုကို အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)နှင့် အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) တို့တွင် စစ်ဆေးပေးလျှက်ရှိသည်။ အတည်ပြုလူနာ၏ ၃၉ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြပြီး ၆၁ ရာခိုင်နှုန်းမှာ အမျိုးသား များဖြစ်ကြသည်။ ထို့ပြင် ရောဂါပိုးတွေ့ရှိမှု၏ သုံးပုံတစ်ပုံကျော်မှာ အသက် ၂၀မှ ၂၉ နှစ်အရွယ် လူငယ်များ ဖြစ်သည်။ ဓာတ်ခွဲစစ်ဆေးခဲ့သူပေါင်း ၁ သိန်း ကျော် (၁၀၅,၆၃၅) ရှိပြီး အတည်ပြုလူနာ (၃၄၁) ဦး တွေ့ရှိခဲ့သည့်တွက် ရောဂါပိုးတွေ့ရှိမှုမှာ ၀.၃၂ ရာခိုင်နှုန်းဖြစ်သည်။ ရောဂါပိုးတွေ့ရှိမှုသည် အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူတွင် ၃ ဒသမ ၁ ရာခိုင်နှုန်း၊ စောင့်ကြည့်လူနာတွင် ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် အသွားအလာ ကန့်သတ်ခံရသူတွင် ၀ ဒသမ ၂ ရာခိုင်နှုန်း ရှိသည်။ ရက်ပေါင်း ၁၂၀ အတွင်း ရက်ပေါင်း ၄၂ ရက်၌ အတည်ပြုလူနာ တစ်ဦးမှ မရှိခဲ့ပါ။
ပိုးတွေ့လူနာ၏ (၅၃) ရာခိုင်နှုန်း (၁၈၀) ဦးမှာ ပြည်ပကူးစက် လူနာများဖြစ်ကြပြီး (၄၇) ရာခိုင်နှုန်း (၁၆၁) ဦးမှာ နိုင်ငံတွင်း ကူးစက်လူနာများ ဖြစ်ကြသည်။ ရောဂါပိုးတွေ့ရှိမှု၏ ပထမရက် (၃၀) တွင် နိုင်ငံတွင်းကူးစက်လူနာ ၈၃ ရာခိုင်နှုန်းရှိခဲ့သည်။ ဘာသာရေး အခမ်းအနား မှတစ်ဆင့် ကူးစက်မှုကြောင့် နိုင်ငံတွင်းကူးစက်မှု မြင့်တက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတွင်းကူးစက်မှု၏ (၉၀) ရာခိုင်နှုန်း (၁၄၅) ဦးမှာ ပိုးတွေ့အတည်ပြုလူနာနှင့် ထိတွေ့ခဲ့ဖူးသူများလည်း ဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဒုတိယရက် (၃၀) ကာလတွင် နိုင်ငံတွင်း ကူးစက်လူနာ အရေအတွက်မှာ ထက်ဝက်ခန့် ကျဆင်းခဲ့သည်။ အဆိုပါကာလသည် နိုင်ငံအသီးသီးမှ နေရပ်ပြန်လိုသူများကို ပြန်လည်ခေါ်ယူခဲ့သည့် အချိန်ကာလဖြစ်သလို နယ်စပ်မှ ရွေ့ပြောင်း အလုပ်သမား များ ပြန်လာသည့် အချိန်လည်းဖြစ်သည်။ အဲဒီနောက်ပိုင်းတွင် အသွားအလာ ကန့်သတ်ခံရ သူအားလုံးကို ဓာတ်ခွဲစစ်ဆေးမည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြည်ထောင်စုလွှတ်တော်၌ မေလနောက်ဆုံးပတ်တွင် ဖြေကြားပြီး နောက် ဓာတ်ခွဲစစ်ဆေးမှု အရေအတွက်လည်း များလာခဲ့သလို ပြည်ပကူးစက်လူနာများ တဖြေးဖြေး မြင့်တက်လာခဲ့သည်။ မေလ ၁၇ ရက်မတိုင်ခင်ထိ အသွားအလာ ကန့်သတ်ခံရသူ၏ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကိုသာ ဓာတ်ခွဲစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ သို့သော်လည်း ဇွန်လ ၁၀ ရက်နေ့၌ နိုင်ငံတွင်းကူးစက်လူနာ တစ်ဦးတွေ့ရှိပြီးနောက် နိုင်ငံတွင်း ကူးစက်လူနာ မရှိခဲ့ပေ။ ဇူလိုင်လ ၁၆ ရက်နေ့တွင် ရခိုင်ပြည်နယ်၌ နိုင်ငံတွင်း ကူးစက်လူနာ တစ်ဦးတွေ့ရှိခဲ့ပြီး ရက်ပေါင်း ၃၅ ရက် အကြာတွင် နိုင်ငံတွင်းကူးစက်လူနာ ထပ်မံတွေ့ခဲ့ခြင်းဖြစ်သည်။ ကျန်းမာရေးနှင့် အားကစာဝန်ကြီးဌာန၏ စာရင်များအရ တစ်နိုင်ငံလုံးတွင် အသွားအလာ ကန့်သတ်ခံရသူ စုစုပေါင်း ၃၁၀,၀၀၀ ကျော်ရှိသည်။ မကွေးတိုင်းတွင် အသွားအလာ ကန့်သတ်ခံရသူ အများဆုံးဖြစ်ပြီး ၆ သိန်းကျော်ရှိခဲ့သည်။ က ကယားပြည်နယ်တွင် အနည်းဆုံးဖြစ်ပြီး ၁၆,၀၀၀ ကျော်သာရှိခဲ့သည်။ ဇူလိုင် ၂၀ ရက်နေ့ထိ ကိန်းဂဏန်းများအရ တစ်နိုင်ငံလုံးတွင် အသွားအလာ ကန့်သတ်ထားသူပေါင်း ၂၂,၀၀၀ ကျော်ရှိပြီး ရန်ကုန်တိုင်းတစ်ခုတည်းတွင် ၃,၆၀၀ ကျော်ရှိကာ အများဆုံးဖြစ်သည်။
မေလဆန်းပိုင်းမှ ဇူလိုင်လ ၂၀ ရက်နေ့ထိ အစိုးရ (သို့မဟုတ်) ပုဂ္ဂလိက ကယ်ဆယ်ရေးလေယာဥ်များဖြင့် ပြန်လာသူပေါင်း ၉,၀၀၀ ကျော်ရှိသည်။ ထို့ပြင် ရွေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration - IOM) ၏ စာရင်းများအရ မတ်လ တတိယပတ်မှ ဇွန် ဒုတိယပတ်ထိ မြန်မာနိုင်ငံသို့ ပြန်ဝင်လာသည့် နေရပ်ပြန်ရွေ့ပြောင်း အလုပ်သမားပေါင်း ၁၃၀, ၀၀၀ ကျော်ရှိပြီဖြစ်သည်။ နေရပ်ပြန်များ၌ ရောဂါပိုးတွေ့ရှိမှုသည် စုစုပေါင်း (၁၆၁) ဦးရှိပြီး ပြည်ပကူးစက်လူနာအားလုံး၏ (၈၉) ရာခိုင်နှုန်းရှိသည်။ ကယ်ဆယ်ရေးလေယာဥ်များဖြင့် ပြန်လာသူများတွင် ရောဂါပိုးတွေ့မှုသည် နယ်စပ်မှ ပြန်ဝင်လာသူများတွင် ရောဂါပိုး တွေ့ရှိမှုထက် ၂ ဆ ခန့်ရှိသည်။ နေရပ်ပြန်များသည် အာရှနှင့် ဥရောပစသည့် ဒေသက နိုင်ငံပေါင်း ၃၁ နိုင်ငံမှ ဖြစ်ကြပြီး အိန္ဒိယ၊ ထိုင်း၊ ယူအေအီး၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အင်္ဂလန်၊ တရုတ်၊ ကာတာ၊ ဖိလစ်ပိုင်၊ အီတလီ၊ အမေရိကန်၊ စင်ကာပူနှင့် လာအို စသည့် ၁၃ နိုင်ငံများမှ ပြန်လာသူများတွင် ရောဂါပိုး တွေ့ရှိထားခြင်းဖြစ်သည်။ ပြည်တော်ပြန်များ ပြန်လာသည့် နိုင်ငံအလိုက် ရောဂါပိုးတွေ့ရှိမှုသည် လက်ရှိတွင် ကမ္ဘာပေါ်၌ COVID-19 ဖြစ်ပွားမှု တတိယ အများဆုံးဖြစ်သည့် အိန္ဒိယနိုင်ငံမှဖြစ်ပြီး (၃၉) ရာခိုင်နှုန်းရှိသည်။ ဒုတိယ များဆုံးမှာ အိမ်နီးချင်း ထိုင်းနိုင်ငံမှဖြစ်ပြီး (၂၁) ရာခိုင်နှုန်း ရှိသည်။
မြန်မာနိုင်ငံတွင် COVID-19 ကြောင့် သေဆုံးမှု ရာခိုင်နှုန်းမှာ ၁ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်သည်။ သေဆုံးလူနာ (၆) ဦးရှိခဲ့ပြီး ၄င်းတို့အားလုံးသည် နှလုံး၊ ဆီးချိုနှင့် သွေးတိုး စသည့် နာတာရှည်ရောဂါများကို တစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုပြီး ခံစားနေရသူများ ဖြစ်ကြသည်။ ၆ယောက်မြောက် COVID-19 အတည်ပြုလူနာ သေဆုံးမှုသည် ဧပြီလ ၂၉ ရက်နေ့ကဖြစ်ပြီး COVID-19 ကြောင့် သေဆုံးမှုမရှိတော့သည်မှာ ၂ လခွဲကျော် ရှိပြီဖြစ်သည်။ မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုးတွေ့ရှိမှုသည် ကယားပြည်နယ်မှအပ တစ်နိုင်ငံလုံးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မြို့နယ်အားဖြင့် စုစုပေါင်း ၆၈ မြို့နယ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သို့သော် လက်ရှိတွင် ဆေးကုသဆဲလူနာစုစုပေါင်းမှာ (၅၅) ဦးရှိပြီး ရန်ကုန်တိုင်းတွင် (၄၆) ဦး၊ ရခိုင်ပြည်နယ်တွင် (၄)ဦး၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် (၂)ဦးစီနှင့် မန္တလေးတိုင်းမှ (၁) ဦးဖြစ်သည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အတည်ပြုလူနာများမှာ သက်သာ ပျောက်ကင်း ပြီးဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ပိုးတွေ့လူနာပေါင်း (၂၄၄) ဦးရှိခဲ့ပြီး ၄င်းတို့အနက် (၁၉၃) ဦးမှာ သက်သာပျောက်ကင်းပြီး ဖြစ်သည်။ ထို့ပြင် နိုင်ငံတွင်းကူးစက်လူနာ မတွေ့တော့သည်မှာ ရက်ပေါင်း (၆၅) ရှိပြီဖြစ်သည်။
သို့သော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ COVID-19 အတည်ပြုလူနာ၏ ၅၉ ရာခိုင်နှုန်းမှာ ရောဂါလက္ခဏာ မပြသူများ ဖြစ်ကြသည့်အတွက် မပေါ့ဆကြရန် လိုအပ်သည်။ အာဏာပိုင် အစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အပြင်သို့သွား ပါက ပါးစပ်နှင့် နှာခေါင်းစည်းဝတ်ဆင်ရန်နှင့် လက်ဆေးရန် စသည့်အချက်များကို သတိပေးနေဆဲဖြစ်သည်။ ရက်ပေါင်း ၂၈ ရက်ဆက်တိုက် အတည်ပြုလူနာ တစ်ဦးတစ်ယောက်မျှ မရှိမှသာ ရောဂါကူးစက်ဖြစ်ပွားခြင်း မရှိဟု ယူဆနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက သတိပေးထားသည်။
coronavirus
Covid-19
data story
DVB Data

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013