Home
COVID19
(၄၅)ရက်အတွင်း COVID-19 အခြေအနေ
DVB Digital
·
May 9, 2020
တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပြန့်ပွားခဲ့သည့် ကူးစက်မြန် အဆုတ်ရောင်ရောဂါ ဖြစ်ပွားစေသော ကိုရိုနာဗိုင်းရပ်စ်ပိုး (COVID-19) ကို မြန်မာနိုင်ငံတွင် မတ်လ (၂၃) ရက်နေ့၌ စတင်တွေ့ရှိခဲ့သည်။ မေလ (၇) ရက်နေ့ထိ (၄၅) ရက် (တစ်လခွဲ)အတွင်း ရောဂါပိုး တွေ့ရှိသူပေါင်း (၁၇၆) ဦးနှင့် သေဆုံးသူပေါင်း (၆) ဦးရှိသည်။ လက်ရှိတွင် ရောဂါဖြစ်ပွားသူ၏ (၃) ပုံ (၁) ပုံကျော်သည် ပြန်လည်သက်လာပြီး အထူးကြပ်မတ် ကုသမှု ခံယူနေရသူ (၃) ဦးရှိသည်။
ရောဂါပိုး တွေ့သူများအနက် (၆၅) ရာခိုင်နှုန်း (၁၁၅) ဦးမှာ အသွားအလာ ကန့်သတ်ထားရှိသူနှင့် ပိုးတွေ့လူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူထံမှ တွေ့ရှိခြင်းဖြစ်ပြီး (၃၅) ရာခိုင်နှုန်း (၆၁) ဦးမှာ စောင့်ကြည့်လူနာများထံမှ ဖြစ်သည်။ ထို့ပြင် လက်ရှိ ပိုးတွေ့လူနာများ၏ (၈၅) ရာခိုင်နှုန်းသည် နိုင်ငံတွင်း ကူးစက်ခံရသူများ ဖြစ်ကြသည်။
ရောဂါဖြစ်ပွားမှု လက်ရှိအချိန်ထိ နေပြည်တော် အပါအဝင် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ကချင်၊ ချင်း၊ ရှမ်း၊ မွန် စသည့် ပြည်နယ်နှင့်တိုင်း (၁၀) ခုမှ မြို့နယ်စုစုပေါင်း (၄၆) ခုတွင် ရောဂါပိုး တွေ့ရှိထားပြီး ဖြစ်သည်။ စုစုပေါင်း အတည်ပြုလူနာ တွေ့ရှိမှု၏ (၈၀) ရာခိုင်နှုန်း (၁၄၁) ဦးမှာ ရန်ကုန်တိုင်းမှဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း ရောဂါပိုးတွေ့ လူနာအနက် (၄) ပုံ (၁) ပုံမှာ အင်းစိန်မြို့နယ်မှ ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံရသူများ၏ အသက်အုပ်စုတွင် အသက်(၂၀) မှ (၂၉)နှစ် နှင့် အသက် (၃၀) မှ (၃၉) နှစ် အရွယ်၌ အများဆုံးဖြစ်သည်။ ယင်းအသက်အုပ်စု (၂) ခုပေါင်း လူနာအရေ အတွက်သည် လက်ရှိ ရောဂါဖြစ်ပွားသူ လူနာဦးရေ၏ တစ်ဝက်ခန့် (၈၅) ဦးရှိပြီး ၎င်းတို့အနက် (၇၁) ဦးမှာ ပြည်ပသို့ ခရီးသွားရာဇဝင်မရှိသည့် နိုင်ငံတွင်းကူးစက်ခံရသူများ ဖြစ်ကြသည်။
ပြန်လည်သက်သာ မေလ (၇) ရက် နေ့ထိ ဆေးရုံဆင်းသူ (၃၇) ဦးရှိသည်။ ပထမဆုံး ဆေးရုံဆင်းသည့် လူနာမှာ လူနာအမှတ် (၇) ဖြစ်ပြီး ဧပြီလ (၈) ရက်နေ့တွင် ဆေးရုံဆင်းခဲ့သည်။ ထို့နောက် ဧပြီလ (၉)ရက်နေ့နှင့် ဧပြီလ နောက်ဆုံးပတ်တွင် ဆေးရုံဆင်းလူနာများ ဆက်တိုက်ရှိ လာခဲ့သည်။ မေလ (၁) ရက်နေ့သည် (၄၅) ရက်အတွင်း လူနာအများဆုံး ဆေးရုံဆင်းသည့် နေ့ဖြစ်သည်။ ထိုနေ့တွင် လူနာ (၁၀) ဦး ဆေးရုံဆင်းခဲ့သည်။
သို့သော်လည်း မေလ (၁) ရက်နေ့တွင် ဆေးရုံဆင်းခဲ့သည့် လူနာအမှတ် (၃၃) သည် မေလ (၅) ရက်နေ့တွင် အထူးကြပ်မတ် ကုသမှု ခံယူနေရသည်။ ရန်ကုန်တိုင်းမှ အတည်ပြုလူနာ (၃) ပုံ (၁) ပုံကျော်သည် ဆေးရုံဆင်းပြီး ဖြစ်သည်။ မကွေးတိုင်းနှင့် မွန်ပြည်နယ်တို့တွင် ဆေးကုသဆဲလူနာ မရှိတော့ပါ။ လက်ရှိတွင် ဆေးရုံ (၁၂) ရုံ၌ COVID-19 လူနာ အမျိုးသား (၅၅) ဦးနှင့် အမျိုးသမီး (၅၄) ဦးကို ကုသပေးလျှက်ရှိပြီး ဝေဘာဂီဆေးရုံတွင် အများဆုံး ကုသပေးလျှက်ရှိသည်။
သေဆုံးမှု သေဆုံးသူ (၆) ဦးအနက် ရန်ကုန်တိုင်းမှ (၅) ဦးနှင့် ပဲခူးတိုင်းမှ (၁) ဦးဖြစ်ပြီး အမျိုးသား (၅) ဦးနှင့် အမျိုးသမီး (၁) ဦးတို့ ဖြစ်ကြသည်။ ထို့ပြင် အများစုမှာ အသက်ကြီးသူများဖြစ်ကြပြီး သွေးတိုး၊ ဆီးချိုနှင့် ကင်ဆာ စသည့်ရောဂါ အခံရှိသူများလည်း ဖြစ်ကြသည်။ လက်ရှိ သေဆုံးလူနာ၏ (၅၀) ရာခိုင်နှုန်းမှာ သွေးတိုးနှင့် ဆီးချိုရောဂါ (၂) မျိုးစလုံးကို ခံစားနေရသူများ ဖြစ်ကြသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မေလ (၇)ရက်နေ့ထိ ရောဂါပိုး စစ်ဆေးပြီး သူပေါင်း (၁၀,၂၆၆)ဦးရှိသည်။ လူဦးရေ (၅၄) သန်းကျော်ရှိသည့် မြန်မာနိုင်ငံ၏ COVID-19 ရောဂါပိုး ဓာတ်ခွဲစစ်ဆေးနိုင်မှုသည် လူတစ်သန်းလျှင် (၁၈၈) ဦးဖြစ်ပြီး အဆိုပါ ကိန်းဂဏန်းသည် ဒေသတွင်း အာဆီယံနိုင်ငံများအနက် ရောဂါပိုး စစ်ဆေးနိုင်မှု အနည်းဆုံးနိုင်ငံလည်းဖြစ်သည်။
မြန်မာနိုင်ငံတွင် COVID-19 ဗိုင်းရစ်ပ်ပိုး ဓာတ်ခွဲစစ်ဆေးမှုကို ကျန်းမာရေး ဝန်ကြီးဌာနလက်အောက်ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် ဆေးသုတေသနဦးစီးဌာနမှ စစ်ဆေးပေးလျှက်ရှိသည်။ ထို့ပြင် မေလ (၄) ရက်နေ့မှစ၍ နေပြည်တော်ရှိ အမှတ်(၂) တပ်မတော်ဆေးရုံကြီး ကုတင် (၁,၀၀၀) ဓာတ်ခွဲဌာနကလည်း ရောဂါပိုး စစ်ဆေးပေးလျှက်ရှိသည်။
myanmar
coronavirus
Covid-19
data story
DVB Data

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013