သင်္ကြန်သစ်
DVB
·
April 10, 2019

သင်္ကြန်နားနီးလာတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သင်္ကြန်မှာ ရှောင်ရန် သတိပြုရန်ဆိုပြီး အချက် ၃၀ ပါတဲ့ ကြေညာချက်တစောင် ထုတ်ပြန်လာတယ်။ ဒီထဲ သင်္ကြန်ပွဲတော်ကာလအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဘေးအန္တရာယ် မဖြစ်ပွားစေရေး သတိပြုရမယ့် အချက် ၇ ချက်၊ ယာဉ်မောင်းသူများ လိုက်နာရမယ့် အချက် ၁၀ ချက်နဲ့ မှုခင်းတွေ မဖြစ်ပွားစေဖို့ သတိပြု ရှောင်ကြဉ်ရမယ့် အချက် ၁၃ ချက်တို့ ပါဝင်တယ်။ ထုံးစံအတိုင်း ရေပက်ခံ ကားမောင်းသူတွေ အရက်သောက်ထားတာနဲ့ မူးယစ်ဆေးဝါးသုံးစွဲတာ မရှိစေဖို့ သတိပြုဖို့၊ မူးယစ်ဆေးဝါးတွေ စိတ်ပြောင်းဆေးဝါးတွေ ထိန်းချုပ်ဆေးဝါးတွေနဲ့ တံဆိပ်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ဝင်ရောက်လာတဲ့ ကာမဆန္ဒ နှိုးဆွစေတဲ့ ဆေးဝါးတွေသောက်တာ ရှောင်ကြဉ်ကြဖို့နဲ့ မြှူဆွယ်တိုက်ကျွေးပြီး အန္တရာယ်ပေးနိုင်တာကိုလည်း သတိပြုဆင်ခြင်ကြဖို့ အသိပေးထားတယ်။ ဒါ့အပြင် သင်္ကြန်တွင်း မှုခင်းမဖြစ်စေဖို့ အရက်ကို လွန်လွန်ကဲကဲ သောက်စားမူးယစ်တာ မလုပ်ကြဖို့၊ ရေဘောလုံးနဲ့ ပစ်ပေါက်တာ၊ မီးသတ်ပိုက်နဲ့ ရေပက်တာ၊ အက်စစ်နဲ့မပက်ဖို့ ရဲတပ်ဖွဲ့က သတိပေးထားတယ်။ ဒါတွေဒါတွေ မလုပ်ဖို့ သတိပေးပေမယ့် အဲဒါတွေလုပ်ရင် ဘယ်လိုအရေးယူခံရမယ်။ ဒဏ်ငွေဘယ်လောက်ပေးရမယ် ဆိုတာတွေတော့ ပါမလာဘူး။ အစိုးရတရပ်မှာ လိုအပ်နေတာက အဲ့ဒီဒဏ်ငွေနဲ့ ပြစ်ဒဏ်ကို တိတိကျကျ ဖော်ပြမထားတဲ့ ကိစ္စဖြစ်ပြီး ယေဘုယျဆန်ဆန် ထုတ်ပြန်နေတာတွေက ခေါက်ရိုးကျိုးနေတဲ့ကိစ္စတွေ ဖြစ်နေတာပါပဲ။
ဥပမာပေး ပြောရရင် မြန်မာသင်္ကြန်အတွက် ရဲတပ်ဖွဲ့က သတိပေးစာ မထုတ်ပြန်ခင် ရက်ပိုင်းအလို မတ်လကုန်ပိုင်းမှာ ထိုင်းရဲတပ်ဖွဲ့က သင်္ကြန်အသိပေးစာတစောင် ထုတ်ပြန်ခဲ့တယ်။ ဒီထဲပါတာတွေက သင်္ကြန်တွင်း အသံချဲ့စက်မဖွင့်ရ၊ ဖွင့်ရင် ထောင်ဒဏ်တလ၊ ငွေဒဏ် ဘတ် ၂ ထောင်၊ ရေအားပြင်းတဲ့ ရေပြွတ်၊ ရေသေနတ် မရောင်းရ၊ ရောင်းရင် ထောင်ဒဏ် ၆ လ၊ ဒဏ်ငွေ ဘတ် ၅ သောင်း၊ သင်္ကြန်လည်တဲ့ကားပေါ် အရက်သောက်ရင် ထောင်ဒဏ် ၆ လ၊ ဒဏ်ငွေ ဘတ် ၆ သောင်း၊ လူမှုကွန်ရက်ပေါ်မှာ အရက်ပုလင်းတံဆိပ် အမျိုးမျိုးကို ရိုက်ပြပြီး တင်တာ၊ အရက်သောက်ဖို့ လှုံ့ဆော်စာတင်တာ လုပ်ရင် ထောင်ဒဏ် ၁ နှစ်၊ ငွေဒဏ် ဘတ် ၅ သိန်း၊ လုံလုံခြုံခြုံမဝတ်ဘဲ ရေကစားရင် ဒဏ်ငွေ ဘတ် ၅ ထောင်၊ သင်္ကြန်တွင်း မဖွယ်မရာလုပ်ရင် ထောင်ဒဏ် ၁၀ နှစ်၊ ဒဏ်ငွေ ဘတ် ၂ သိန်း စသဖြင့် ထောင်ဒဏ်၊ ငွေဒဏ်တွေ ကျခံရမယ့်အကြောင်း တပါတည်း အသိပေး ကြေညာခဲ့တယ်။ ထိုင်းအစိုးရ ထုတ်ပြန်ချက်ကို ကြည့်လိုက်ရင် တိကျပြတ်သားတဲ့ ဒဏ်တွေကို တခါတည်း ဖော်ပြခဲ့သလို အပြင်မှာ သင်္ကြန်တွင်း တကယ်လုပ်ရင်လည်း ဖမ်းပြီး ထောင်ချ၊ ဒဏ်ငွေချတာတွေကို ပြတ်ပြတ်သားသားလုပ်တယ်။ ကိုယ်တွေ့ပြောပြရရင် ဆေးလိပ်မသောက်ရလို့ တားမြစ်ထားတဲ့ နယ်မြေအတွင်း ဆေးလိပ်သောက်လိုက်မိရင် မလှမ်းမကမ်းမှာရှိနေတဲ့ ထိုင်းရဲရောက်လာပြီး နီးရာတရားရုံး တခါတည်းတန်းခေါ်၊ ဒဏ်ငွေ ဘတ် ၂၀၀၀ ချက်ချင်းပေးဆောင်စေတယ်။
နောက်တခု၊ သင်္ကြန်ကျရင် ထိုင်းမှာ လူသေဆုံးမှုနှုန်း ရာနဲ့ချီရှိတယ်ဆိုတဲ့ သတင်းက နှစ်တိုင်းထွက်တယ်။ ထွက်တာမှ သင်္ကြန်အကြိုနေ့မှာ ဘယ်နှစ်ဦး ဘာကြောင့် သေဆုံးတယ်။ ဘယ်နှစ်ဦး ဘာ့ကြောင့် ထိခိုက်ဒဏ်ရာရတယ်ဆိုပြီး အကျနေ့ အကြတ်နေ့ အတက်နေ့ နောက်ဆုံး နှစ်ဆန်းတရက်အထိ သင်္ကြန်အတွင်းမှာ လူဘယ်နှစ်ဦး ဘာ့ကြောင့်သေဆုံး ထိခိုက်ဒဏ်ရာရဆိုပြီး တိတိကျကျ သတင်းထုတ်ပြန်ပေးတယ်။ ဒီလိုထုတ်ပြန်ပေးနိုင်အောင် နယ်မြေအလိုက် တည်ရှိတဲ့ ဆေးရုံတွေကလည်း သတင်းထုတ်ပြန်ပေးသလို ထိုင်းရဲတပ်ဖွဲ့ကလည်း အချိန်နဲ့ တပြေးညီ သတင်းထုတ်ပြန်ပေးတယ်။
မြို့နယ်စာရင်းက ခရိုင်တက်၊ ခရိုင်စာရင်းက ပြည်နယ်တက်၊ ပြည်နယ်သတင်းက ဗဟိုအစိုးရဆီတက်နဲ့ သတင်းစီးဆင်းမှု အင်မတန်မြန်ဆန်တယ်။ မြန်မာနိုင်ငံမှာတော့ သင်္ကြန်တွင်းလည်း ဘယ်ဆက်မေးမေး မေးမရ၊ သင်္ကြန်ပြီးတော့လည်း ဘယ်ဌာနမှ မေးမရနဲ့ နောက်ဆုံး အစိုးရသတင်းက သင်္ကြန်တွင်း လူဆယ်ဂဏန်းလောက် သေဆုံးဆိုတာလောက်နဲ့ပဲ ပြီးပြီးသွားတယ်။ တကယ်တမ်းကျ ထိုင်းမှာလို တပြည်လုံး အတိုင်းအတာနဲ့ ဆိုင်ရာဆိုင်ရာတွေက အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်ပေးရင် သေဆုံးသူပမာဏက ဒီ့ထက်များနိုင်စရာ အကြောင်းရှိတယ်။
သင်္ကြန်တွင်း သေဆုံးသူအရေအတွက် တိတိကျကျသိရင် တိတိကျကျ သတင်းထုတ်ပြန်ပေးနိုင်ရင် အစိုးရအနေနဲ့ နောင်နှစ် နောင်နှစ် သင်္ကြန်တွေမှာ ဘာတွေကြိုတင်လုပ်ဆောင်သင့်သလဲဆိုတာ စဉ်းစားနိုင်မယ်၊ ကြိုတင်သတိပေးချက်တွေအပြင် ပြစ်ဒဏ်တွေ တပါတည်း ချမှတ်နိုင်အောင် သတင်းထုတ်ပြန်နိုင်မယ်။ သင်္ကြန်ပျော်ကြမယ့်သူတွေလည်း အန္တရာယ်မဖြစ်အောင် ကြိုတင်တွေးဆထားနိုင်မယ်။ သင်္ကြန်တွင်းမှာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ဘယ်လိုကိစ္စရပ်တွေမှာ ဘယ်လိုကိုင်တွယ်နိုင်မယ်ဆိုတာ ပြင်ဆင်ထားနိုင်မှာ ဖြစ်တယ်။ ချင်းမိုင်သင်္ကြန်လည်ဖူးတဲ့ အတွေ့အကြုံအရ ထိုင်းရဲတပ်ဖွဲ့ဝင်တွေဟာ သင်္ကြန်တွင်းဆို လမ်းဘေး အအေးဘူးထဲ ထည့်ရောင်းတဲ့ ဘီယာဆိုင်တွေ လိုက်ဖမ်းတယ်။ ထိုင်းမှာ ညနေ ၅ နာရီက ညည့် ၁၂ နာရီအထိပဲ စတိုးဆိုင်တွေမှာ အရက်ဘီယာ ရောင်းချခွင့်ပေးတာကြောင့် လမ်းဘေး အအေးဘူးထဲ ဘီယာထည့်ရောင်းတဲ့ သူတွေကို ဖမ်းလိုက်တာနဲ့ အရက်ပြဿနာက ဖြေရှင်းပြီးဖြစ်တယ်။ မြန်မာပြည်မှာတော့ အရက်၊ ဘီယာက အချိန်မရွေး ဝယ်သောက်လို့ရနေတော့ သင်္ကြန်ဆို အရင်ကာလတွေထက် အရက်တွေ ပိုသောက်ဖြစ်ကုန်ကြတယ်။ နောက်ဆက်တွဲပြဿနာက ဆိုင်ကယ်မှောက်၊ ကားမှောက်၊ ရန်ဖြစ်၊ ဒီလိုနည်းတွေနဲ့ပဲ သင်္ကြန်ရောက်ပြီဆို သေကျေ ဒဏ်ရာရကြတာပဲဖြစ်တယ်။
တမြန်နှစ်လောက်ကစခဲ့တဲ့ လမ်းလျှောက်သင်္ကြန် ဆိုတာကတော့ အင်မတန် အန္တရာယ်ကင်းပြီး ပျော်ပျော်ပါးပါး ရေပက်ကစားနိုင်ကြတာ တွေ့မြင်ရလို့ အဲ့ဒီလမ်းလျှောက်သင်္ကြန်တွေ နေရာဒေသ အတော်များများမှာ ပြုလုပ်ပေးနိုင်ရင် ကောင်းမယ်။ ဖျော်ဖြေရေးမဏ္ဍပ်တွေအနားထိ လာရောင်းနေတဲ့ အရက်၊ ဘီယာသည်တွေကိုလည်း ထိထိရောက်ရောက် အရေးယူသင့်တယ်။ သင်္ကြန်တွင်းမှာ တိကျပြတ်သားတဲ့ ပြစ်မှု ပြစ်ဒဏ်တွေ ချမျတ်ပြီး ကျောသားရင်သား မခွဲခြားဘဲ ထိထိရောက်ရောက် အရေးယူသင့်တယ်။ အိမ်နီးချင်းနိုင်ငံတွေက သင်္ကြန်ပွဲတော်တွေမှာ ဘယ်ပုံဘယ်နည်း ဆင်ယင်ကျင်းပသလဲ၊ စည်းကမ်းလေးနဲ့ ပျော်ရတဲ့ သင်္ကြန်ဖြစ်အောင် ဘယ်လိုကြပ်မတ် လုပ်နေသလဲ ဆိုတာကိုလည်း တာဝန်ရှိသူတွေအနေနဲ့ တချက်လောက် ငဲ့ကြည့်သင့်တယ်။ မနှစ်ကထုတ်ပြန်ထားတဲ့ ကြေညာချက် သိမ်းထားပြီး ဒီနှစ်လည်း အလားတူကြေညာချက်မျိုး ထပ်ထုတ်နေတာတွေ မလုပ်သင့်ကြတော့ဘူးလို့ မြင်တယ်။ အစဉ်အလာကောင်းတဲ့ လမ်းလျှောက်သင်္ကြန်လိုဟာမျိုး နောက်ထပ် စဉ်းစားကြံဆ ဖော်ဆောင်သင့်တယ်။ ပြောရရင် လုပ်ထုံးလုပ်နည်း အဟောင်းတွေ ထုတ်ပြန်လုပ်ဆောင်နေတာထက် ပိုတဲ့ စိတ်ကူးသစ်လေးတွေနဲ့ သင်္ကြန်သစ်ဖြစ်အောင် ဝိုင်းလုပ်ကြဖို့ ဆိုလိုတာသာ ဖြစ်ပါတယ်။
ကိုရွှေအောင်