Home
မြန်မာသတင်း
သောင်ရင်းမြစ်ထဲမျောပါသွားသည့် ကရင်ကျောင်းသူလေးအလောင်း ပြန်တွေ့
နန်းမြနဒီ
·
February 25, 2019
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကျောင်းသား/ကျောင်းသူတသိုက် သောင်ရင်းမြစ်ထဲ သွားရောက်လည်ပတ်ပြီး ဟင်းစာ ရှာကြစဉ် ကျောင်းသူ ၃ ဦး ရေထဲမျောပါသွားခဲ့ပါတယ်။ မျောပါသွားတဲ့ ကျောင်းသူတွေကို ကယ်ဆယ်ရေးအဖွဲ့က လိုက်လံရှာဖွေရာမှာ ၂ ဦးကို အရင်ကယ်ဆယ်နိုင်ခဲ့ပေမယ့် အသက် ၂၁ ရွယ်ရှိ နော်မူးဘီဆိုတဲ့ မိန်းကလေးကတော့ တရက်နဲ့ နှစ်ညထိ ပျောက်ဆုံးနေတာပါ။ ကနေ့မနက်စောစော ကယ်ဆယ်ရေးအဖွဲ့နဲ့ ကျောင်းသားတွေက ရှာဖွေရေးဆက်လုပ်ဖို့ ထွက်လာကြရာမှာ မိန်းကလေးတွေ ရေနစ်ခဲ့တဲ့ နေရာနဲ့ ကိုက် ၁၀၀ ကျော်အကွာ ရေလယ်ခေါင်မှာ ပေါ်လာတဲ့ အလောင်းကို တွေ့တာလို့ သူတို့စာသင်ကျောင်းက အချိန်ပိုင်းနည်းပြဆရာ စောဆဲလယ်က ဒီဗွီဘီကို ပြောပါတယ်။ “ဒီမနက်ဘဲ ပြန်တွေ့တယ်၊ ၇ နာရီကျော်ကျော် ၈ နာရီထိုးခါနီးပေါ့။ သူမြုပ်သွားတဲ့နေရာနဲ့ သိပ်မဝေးဘူး။ ကိုက် ၁၀၀ လောက်ပဲထင်တယ်။ ရှေ့ကအရင်သွားတဲ့ ကျောင်းသားတယောက်နဲ့ ကယ်ဆယ်ရေးတယောက်က စတွေ့တာ၊ ရေလယ်ခေါင်မှာ လက်က အရင်ပေါ်လာတယ်တဲ့၊ အဲဒီနေရာက ရေလည်း နက်တယ်။  အဲဒါနဲ့ နောက်က လိုက်လာတဲ့ အဖွဲ့တွေရော ၀ိုင်းပြီးဆယ်ကြတာ၊ အလောင်းက ပုပ်နေပြီ။” မိန်းကလေးရဲ့အလောင်းကို လောလောဆယ် သူတို့ရဲ့ Kaw blay learning center ပြင်ပ စာသင်ကျောင်းမှာပဲ ထားရှိပြီး ကရင်ပြည်နယ်က မိဘဆွေမျိုးတွေ ရောက်လာမှ သင်္ဂြိုဟ်မယ်လို့ ဆိုပါတယ်။ Kaw blay learning center စာသင်ကျောင်းမှာ ထာ့ဆောင်ယန်းမြိုနယ် မယ်တန့်ကျေး ရွာအုပ်စုထဲမှာရှိပြီး အန်ဂျီအိုအဖွဲ့အစည်းရဲ့ ထောက်ပံ့မှုနဲ့ ဖွင့်လှစ်ထားတဲ့ လူငယ်စွမ်းရည်မြှင့် တင်ရေး စာသင်ကျောင်းတကျောင်းဖြစ်ပါတယ်။ လက်ရှိ လူငယ် အယောက် ၅၀ နီးပါး တက်ရောက်သင်ယူနေပြီး အများစုမှာ ကရင်ပြည်မှ လူငယ်တွေဖြစ်ကြောင်း၊ ကျောင်းအိပ်ကျောင်းစား ပုံစံဖြစ်ကာ အားလပ်ချိန် လူငယ်တွေစုပြီး တောတောင်မြစ်ချောင်းမှာ အလည်အပတ်ထွက်ရင်း အသီးအရွက်တွေ၊ ခရုတွေပါ ထွက်ရှာလေ့ ရှိတယ်လို့ ဆိုပါတယ်။ ရေထဲမျောပါသွားတဲ့ မိန်းကလေး ၃ ယောက်လုံး ရေကူးတတ်သူတွေဖြစ်ပေမယ့် အခန့် မသင့်လို့ ရေစီးထဲပါသွားတာဖြစ်ကြောင်း၊ အသက်ရှင်သူ မိန်းကလေး ၂ ယောက်မှာ ကယ်ဆယ်ရေးအဖွဲ့က  သူတို့ကို သတိမေ့မျောနေတဲ့ အနေအထားနဲ့တွေ့ခဲ့ပြီး ဆေးရုံကို အချိန်မီ ပို့ဆောင်နိုင်ခဲ့တဲ့အတွက် အသက်ဘေးမှ လွတ်မြောက်ခဲ့တယ်လို့ ဆရာစောဆဲလယ်က ပြောပါတယ်။ ဓာတ်ပုံ - nakornmaesotnews
သောင်ရင်းမြစ်ထဲမျောပါသွားသည့် ကရင်ကျောင်းသူလေးအလောင်း ပြန်တွေ့

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013