Home
အထွေထွေ
လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားမြင်ကွင်းမှ… (သုတကဖေး)
DVB
·
January 4, 2019
၁၉၄၈ ခုနှစ် ဇန်နဝါရီ (၄) ရက်။ ရန်ကုန်တမြို့လုံး အိပ်မှအိပ်ပါလေစ။ မနက်သုံးနာရီထိုးတာနဲ့ လှုပ်လှုပ်ရွရွ။ အလှပြင်သူကပြင်။ အကဝင်သူက ဝင်ဖို့ပြင်ဆင်နေလေရဲ့။ ရန်ကုန်ဆောင်းကလည်း အေးမြမြ။ နှင်းကျတယ်ဆိုပေမယ့် သိပ်သိပ်သည်းသည်းမဟုတ်။ ဇာလွှာပါးလေး တအိအိ ကျဆင်းနေသလိုပါပဲ။ ဘတ်စ်ကားတွေကလည်း စောစောစီးစီး ပြေးဆွဲနေကြပြီ။ အတွင်းဝန်ရုံးကို လိုက်ကြမလားဆိုတဲ့ အသံတွေကလည်း ဆောင်းချမ်းမြမြ နှင်းမှုံကြားက တိုးထွက်လာနေတယ်။ လေးနာရီထိုးတော့ အတွင်းဝန်ရုံးတဝိုက်မှာ လူတွေစုရုံးလို့။ တချို့က အနွေးထည်ထူထူဝတ်လို့။ တချို့ကတော့ တိုက်ပုံကိုယ်ဆီနဲ့။ တချို့က စပတ်လမ်း (ဗိုလ်အောင်ကျော်လမ်း) ထဲမှာ။ တာဝန်ရှိသူ အစိုးရအဖွဲ့တွေနဲ့ ဖိတ်ကြားထားတဲ့ ကိုယ်စားလှယ်တော်ကြီးများကလည်း မျက်နှာဖြူ အရာရှိတစုနဲ့အတူ အတွင်းဝန်ရုံးထဲရှိ လွှတ်တော်အဆောက်အုံရှေ့မှာ အချိန်တခုကို စောင့်နေဟန်ပါပဲ။ ရန်ကုန်ဆောင်းရဲ့ ချမ်းစိမ့်စိမ့်ကို ဘယ်သူမှ သတိမပြုမိသလိုပါပဲလား။ နှင်းမှုံမှုံလေးများ တဖွဲဖွဲကျနေပုံကလည်း မြောက်ပြန်လေမှာ ဇာခန်းဆီးတခု ကျလွင့်နေတဲ့အတိုင်း။ အတွင်းဝန်ရုံးရဲ့ နာရီစင်ကလည်း ချောက်ချားစရာ။ မကြာမတင်မီမှာပဲ ဝိတိုရိယ ဘုရင်မကြီးရဲ့ သရဖူအရိပ်ကနေ ဗမာတပြည်လုံး ကင်းပတော့မှာပါ။ သူတို့အဖို့တော့ ဆုံးရှုံးမှု။ ဗမာပြည်သူတို့ကတော့ အောင်ပွဲ။ တနိုင်ငံလုံးရဲ့ အောင်ပွဲ။ ဒုန်း..ဒုန်း…ဒုန်းနဲ့။ ရန်ကုန်ဆိပ်ကမ်းရှိ ဘာမစ်ဟမ်သင်္ဘောပေါ်က အမြောက်ပစ်သံ တုန်ဟည်းသွားတယ်။ ဗမာ့ထီးနန်းအစဉ်အလာအရဆိုရင် အောင်နိုင်သူက ရှုံးနိမ့်သူရဲ့ “စည်တော်” ကို ဖောက်ခွဲလိုက်တဲ့ အသံသင်္ကေတတခုလိုပါပဲ။ အတွင်းဝန်ရုံး နာရီလက်တံက ၄း၂၀ ကို ပြနေတယ်။ လွှတ်တော်ရှေ့ အလံတိုင်ထိပ်က နှစ်ပေါင်းများစွာ တည်ငြိမ်ခန့်ညားခဲ့တဲ့ ယူနီယံဂျက်အလံဟာလည်း တဖြည်းဖြည်းခြင်း ဇာလွှာနှင်းပွင့်တို့ အတူကျဆင်းလို့ နေပါပြီ။ ယူနီယံဂျက်အလံနေရာမှာ ပြည်ထောင်စုအလံ တင်လိုက်တော့ လူထုရဲ့ လက်ခုပ်သြဘာသံဟာ မရပ်နိုင်အောင်ပါပဲ။ ကျယ်လိုက်သမှ ကျီးအုပ်၊ ငှက်အုပ်တွေတောင် ထပြန်သွားကြ။ တကယ်တော့ မြန်မာတို့ရင်ထဲမှာ ဝမ်းနည်းဝမ်းသာ။ အမည်မဖော်နိုင်တဲ့ ဝေဒနာတရပ်ကလည်း ရှိနေတာပါ။ မကြာသေးမီကမှ လမ်းခုလတ်မှာ ကျဆုံးခဲ့ရတဲ့ လွတ်လပ်ရေးခေါင်းဆောင်တို့ရဲ့ ကျေးဇူးတရားကို တသ အောက်မေ့ရင်း အချို့လည်း မျက်ရည်ကျလို့။ ဒီပွဲမှာ သခင်သန်းထွန်းတို့လည်း တက်ရောက်ခဲ့သေးတယ်။ အလံတင် အခမ်းအနားပြီးတော့ လွှတ်တော်ထဲဝင်ပြီး စဝ်ရွှေသိုက်က သမ္မတရာထူး လက်ခံကြောင်း။ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ဖြစ်ကြောင်း ကြေညာပြီး…။ ကျဆုံးသွားကြသော လွတ်လပ်ရေးခေါင်းဆောင် အာဇာနည်များကို ဂုဏ်ပြုသောအားဖြင့် ၂ မိနစ်ငြိမ် အလေးပြုကြတယ်။ အဲ့ဒီနောက်တော့ သတ္တုသံပါတဲ့အသံနဲ့ ဝန်ကြီးချုပ်ဦးနုရဲ့ “အောင်စေသတည်း” အစချီ လွတ်လပ်ရေး ကြေညာစာတမ်းကို ဖတ်ကြားပြီးတာနဲ့ တညီတညွတ်တည်း နိုင်ငံတော်သီချင်းကို သီဆိုလိုက်ကြပါတော့တယ်။ ပြီးတာနဲ့ အလုံလမ်း သမ္မတအိမ်တော်ဝင်းထဲမှာလည်း ဒုတိယအကြိမ် ယူနီယံဂျက်အလံကို ချပြီး ပြည်ထောင်စုအလံတော်တင်ပွဲ အခမ်းအနားကို ၈း၂၀ မှာ ဆက်လက်ကျင်းပပါတယ်။ ဆာဟူးဘတ်စ်ရန့်နဲ့ သမ္မတ စဝ်ရွှေသိုက်တို့ နှစ်ဦးစလုံး တည်ငြိမ်စွာရပ်လို့။ ဘာပဲဖြစ်ဖြစ် စဝ်ရွှေသိုက်လည်း ရင်ခုန်စွာ ပျော်နေမှာပါ။ ဆာဟူးဘတ်စ်ရန့်လည်း ကြေကွဲနေပေမယ့် တည်တည်ငြိမ်ငြိမ်ပါပဲ။ နောက်တော့ ဆာဟူးဘတ်စ်ရန့်တို့ ဇနီးမောင်နှံဟာ ဧည့်ပရိသတ်ကို နှုတ်ဆက်ပြီး ထွက်တော်မူ နန်းကခွာဖို့အတွက် ရန်ကုန်ဆိပ်ကမ်းရှိ ဘာမင်ဟမ်သင်္ဘောပေါ်ကို တက်ရောက်လို့သွားခဲ့ပါပြီ။ သမ္မတကြီး စဝ်ရွှေသိုက်နဲ့ဇနီး၊ ဝန်ကြီးချုပ် ဦးနုနဲ့ဇနီး၊ အစိုးရအဖွဲ့ရဲ့ ဇနီးများပါ လိုက်ပါနှုတ်ဆက်လို့ပေါ့။ အရှေ့ဆီမှာတော့ နှင်းငွေ့ပြယ်လို့ နေလုံးကြီးလည်း ငွားငွားစွင့်စွင့် ထွန်းပလို့ ပေါ်ထွက်လာခဲ့ပါပြီ။ နံနက်ခင်းရဲ့ နေခြည်နုနုနဲ့အတူ လွတ်လပ်ရေး အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူဖို့ ဝန်ကြီးချုပ်ဦးနုဟာ လွတ်လပ်ရေး အထိမ်းအမှတ်ကျောက်တိုင် တည်ဆောက်ရေး ကော်မတီတို့နဲ့ နံနက် (၁၀) နာရီမှာ အုတ်မြစ်ချအခမ်းအနား ကျင်းပခဲ့တယ်။ ကန်တော်ကြီးမှာတော့ လွတ်လပ်ရေး အခမ်းအနားကို ဇန်နဝါရီ (၇) ရက်နေ့ထိ ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့ပါတယ်။ လွတ်လပ်ရေးနေ့ အခမ်းအနားကတော့ ပြီးဆုံးသွားပါပြီ။ ပြည်သူအားလုံးအတွက် တကယ့် ဝမ်းနည်းဝမ်းသာ ခံစားမှုတွေနဲ့ပါ။ မသမာသူတို့လက်ချက်နဲ့ အသက်မဆုံးရှုံးမီ တည်းတည်းလေးအတွင်းမှာပဲ။ မှတ်မှတ်ရရ ၁၉၄၇ ဇူလိုင် (၁၃) ရက်နေ့ပေါ့။ “လွတ်လပ်ရေး တနှစ်အတွင်း အာမခံကြောင်း။ လွတ်လပ်ရေးရရင် လွတ်လပ်ရေးနဲ့ ထိုက်တန်အောင် ကြိုးစားဖို့လိုကြောင်း” တို့ကို မှာကြားခဲ့သေးတယ်။ ပြောခဲ့ ကတိခံခဲ့တဲ့အတိုင်း တကယ် လွတ်လပ်ရေး ယူပေးနိုင်ခဲ့သည်ပဲလေ။ ဗမာပြည်အတွက်ကတော့ အဆောင်ဆောင်ကြငှန်းတွေနဲ့ အောင်ပန်းရခဲ့ပေမယ့် ခေါင်းဆောင်ကောင်းတွေ ဆုံးရှုံးလိုက်ရခြင်းကလည်း ဝမ်းနည်းကြေကွဲစရာပါ။ ခေါင်းဆောင်ကြီး ဦးအောင်ဆန်း မသေခင် မှာကြားခဲ့တဲ့… “လူငယ်နိုင်ငံရေးသမားတွေဟာ လွတ်လပ်ပြီးတဲ့ ဗမာပြည်မှာ သိပ်မမိုက်ကြဘဲ တဦးနှင့်တဦး ညီညီညွတ်ညွတ် လုပ်ကြဖို့တော့လိုတယ်။ ဒီလိုမှမဟုတ်ရင် လွတ်လပ်တဲ့ဗမာပြည်ဟာ လွတ်လပ်ရေးအရသာကို ကျပ်ပြည့်တင်းပြည့် ခံစားရမှာမဟုတ်ဘူး” …တဲ့။ အခုဆိုရင် လွတ်လပ်ရေးဟာ ၇၁ နှစ်ပတ်လည်ခဲ့ပါပြီ။ ကဲ.. ခင်ဗျားတို့ ကျနော်တို့တတွေ ကျပ်ပြည့်တင်းပြည့် လွတ်လပ်ရေးအရသာကို ခံစားရပါပြီလား။ မခံစားရသေးရင် ဘာ့ကြောင့်လဲဆိုတာ စဉ်းစားဆုံးဖြတ်ချိန်တန်ပါပြီ။ မညီညွတ်မှုရဲ့ အဖြေကိုရှာပြီး ဆင်ခြင်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း နှိုးဆော်လိုက်ရပါတယ်။      ။ ဆရာဋ္ဌေး
လွတ်လပ်ရေးနေ့
သုတကဖေး
ဆရာဋ္ဌေး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013